ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သည့် Oxygen Plant ထားရှိရန် အဆောက်အဦအတွက် လိုအပ်သည့်လုပ်ငန်းများ စတင်ဆောင်ရွက်

 

 

ပင်လောင်း   စက်တင်ဘာ   ၂၁

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့လာသည့် Oxygen Plant ထားရှိရန်အတွက် မြို့နယ်ပြည်သူ့ဆေးရုံ၀င်းအတွင်းရှိ မြေကွက်လပ်တွင် အဆောက်အဦ စတင်ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

 

ပင်လောင်းမြို့နယ်၌ မြို့နယ်ဆေးရုံနှင့်တိုက်နယ် ဆေးရုံလေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူလျက်ရှိသော ကိုဗစ်-၁၉ ရောဂါ လူနာများနှင့် သာမာန်ရောဂါဖြစ်ပွား၍ ဆေးရုံတက်ရောက်ကုသလျက်ရှိသော လူနာများအတွက် သွေးတွင်းအောက်ဆီဂျင်ကျဆင်းပြီး အောက်ဆီဂျင်ရှူရန် လိုအပ်ပါက လျင်မြန်လွယ်ကူစွာ အသုံးပြုနိုင်ပြီး အသက်အန္တရာယ် ဆုံးရှုံးရမည့်အခြေအနေမှ ကင်းလွတ်စေရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံံ့သည့် Oxygen Plant ရောက်ရှိလာပြီးထားရှိနိုင်ရန် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီ၏ အစီအစဉ်ဖြင့် မြို့နယ်ပြည်သူ့ဆေးရုံ၀င်း မြေကွက်လပ်တွင် အဆောက်အဦ ဆောက်လုပ်ပြီးစီးပါက တစ်နေ့လျင် ၄၀ လီတာဆန့် ဆလင်ဒါအိုး ၁၅ လုံးခန့်ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်သည်။

 

ပင်လောင်းမြို့နယ်ရှိဆေးရုံ ၅ ရုံတွင် အောက်ဆီဂျင် အလုံအလောက် သုံးစွဲသွားနိုင်မည်ဖြစ်သဖြင့် ရပ်နီးရပ်ဝေးမှ စေတနာရှင် အလှူရှင်များအနေဖြင့် အဆောက်အဦ လျင်မြန်စွာပြီးမြောက်နိုင်ရေးအတွက် ပင်လောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ - ၀၉ ၄၃၀၀၇၄၃၄ နှင့် ၀၈၁ ၂၃၅၄၀၁၈၊ ၀၈၁ ၂၃၅၄၀၁၂ တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်းသိရှိရသည်။

 

ထွန်းလင်း(ပင်လောင်း)