ရန်ကုန်(ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ခရီးသည်များ အဆင်ပြေစေရေး အသွား/အပြန် ၃၀ ခေါက်နှုန်းဖြင့် ခေါက်ရေတိုးပြေးဆွဲ

ရန်ကုန် စက်တင်ဘာ ၂၁

စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ ဝင်ထွက်သွားလာရာတွင် အဓိက ဝင်ပေါက်တစ်ခုဖြစ်သည့် ရန်ကုန် (ပန်းဆိုးတန်း-ဒလ) သင်္ဘောဆိပ်ကမ်း၌ ဒလမြို့နယ် ဒေသခံပြည်သူများအပါအဝင် တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အနယ်နယ်အရပ်ရပ်က ခရီးသွားပြည်သူများနှင့် လုပ်သားပြည်သူ များစွာတို့ကို မြစ်တွင်းသွား ချယ်ရီသင်္ဘောများဖြင့် နေ့စဉ်ပြေးဆွဲ ပို့ဆောင်ပေးလျက်ရှိသည်။

အဆိုပါ သင်္ဘောဆိပ်ကမ်း၌ ရေယာဉ်ခရီးစဉ်များကို စက်တင်ဘာလ ၂၁ ရက်နေ့တွင် စတင်၍ ခရီးသွား မိဘပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် ရုံးဖွင့်ရက်များတွင် သင်္ဘောခေါက်ရေများ တိုး၍ ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း (ပန်းဆိုးတန်း-ဒလ) လက်မှတ်ရုံးတို့တွင် ရေယာဉ်ထွက်ချိန်ဇယားဖြင့် အသိပေးကြေညာထားကြောင်း သိရသည်။ 

ထိုသို့ ပြေးဆွဲပို့ဆောင်ပေးရာတွင် (ပန်းဆိုးတန်း-ဒလ) သင်္ဘောခရီးစဉ်များ အနေဖြင့် ရုံးဖွင့်ရက်များတွင် အသွား ၃၀ ခေါက်၊  အပြန် ၃၀ ခေါက်နှုန်း၊  ရုံးပိတ်ရက်များတွင် အသွား ၂၀ ခေါက်၊ အပြန် ၂၀ ခေါက်နှုန်းဖြင့် ဒလဆိပ်ကမ်းမှ စတင်ထွက်ခွာချိန် နံနက် ၅ နာရီခွဲမှ ည ၆ နာရီခွဲအထိ လည်းကောင်း၊ ပန်းဆိုးတန်းဆိပ်ကမ်းမှ နံနက် ၆ နာရီမှ စတင်၍  ည ၇ နာရီအထိ လည်းကောင်း ခရီးသည်များ သွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် သင်္ဘောရေယာဉ် ခရီးစဉ် အချိန်များကို ပြောင်းလဲသတ်မှတ်၍ ခေါက်ရေတိုးပြေးဆွဲပေးခြင်းဖြစ်ပြီး၊ လက်ရှိအချိန်၌ အဆိုပါသင်္ဘော ဆိပ်ကမ်းတွင်    ခရီးသွားမိဘပြည်သူများ အေးအေးချမ်းချမ်းဖြင့် ပုံမှန်ကူးသန်းသွားလာလျက်ရှိသည်။

ရန်ကုန်(ပန်းဆိုးတန်း-ဒလ)ကူးတို့ သင်္ဘောဆိပ်ကမ်းသည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒလ၊ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်များနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အနယ်နယ်အရပ်ရပ်ကခရီးသွားမိဘ ပြည်သူများ၊ အစိုးရဝန်ထမ်းများနှင့် အထွေထွေလုပ်သားပြည်သူများစွာတို့ကို စီးပွားရေးမြို့တော် ရန်ကုန်မြို့သို့ မြစ်တွင်းသွား ချယ်ရီသင်္ဘောများဖြင့် နေ့စဉ်ကူးတို့ ပို့ဆောင်ပေးလျက်ရှိသော သင်္ဘောဆိပ်ကမ်းတစ်ခုဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခဲ့သည့် အချိန်မှစ၍ လက်ရှိအချိန်ထိ ခရီးသည်သွားလာမှု နည်းပါးသော်လည်း ခရီးသည်များ သွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် ရေယာဉ် ခရီးစဉ်များကို ပုံမှန်ပြေးဆွဲ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံ JICA အဖွဲ့အစည်းမှ ၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် ချယ်ရီရေယာဉ်သုံးစင်း၊ ဒလမြို့ ဆိပ်ကမ်းရှိ ခရီးသည် နားနေဆောင်နှင့် ဆိပ်ခံတံတားနှစ်စင်းတို့ကို လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ရာ ယခု ၂၀၂၁ ခုနှစ်တွင် ၇ နှစ် တာ ကာလသို့ ရောက်ရှိပြီးဖြစ်သလို ဒေသခံပြည်သူများနှင့် အနယ်နယ်အရပ်ရပ်က ခရီးသည်ပေါင်းမြောက်များစွာ တို့၏ လိုရာခရီးသို့ အဆင်ပြေချောမွေ့အောင် သွားလာနိုင်ရေး၊ အသက်အန္တရာယ် လုံခြုံမှုရှိစေရေးနှင့် ဘေးကင်းစေရေးတို့ အတွက် အကောင်းဆုံး ဝန်ဆောင်မှုပေးလျက်ရှိသော၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နေ့စဉ်လူစည်းကားလျက်ရှိသော သင်္ဘောဆိပ်ကမ်း တစ်ခုပင် ဖြစ်သည်။

နိုင်လင်းကျော်(IPRD)