ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ စက်မှုဇုံပြင်ပ အလုပ်သမားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ခြောက်ရက်မြောက်နေ့ ဆက်လက် ထိုးနှံပေးလျက်ရှိ

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက် ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် စက်မှုဇုံပြင်ပအလုပ်သမားများအား ပထမအကြိမ် (ခြောက်ရက်မြောက်နေ့)အဖြစ် ယနေ့ နံနက် ၉ နာရီမှ စ၍  ဆမားဒူးဝါးရပ်ကွက်ရှိ ငြိမ်းချမ်းရေးဓမ္မာရုံ နှင့် အ-မ-က(၇) မူလတန်းလွန်ကျောင်းတို့တွင် ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ဆက်လက်ထိုးနှံပေးလျက် ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် အတွင်းရှိ သင်္ဘောကျင်းများတွင် အလုပ်လုပ်ကိုင်နေသူများ၊ ဆိုင်ကယ်ကယ်ရီမောင်းသူများ၊ စက်တပ်ရေယာဉ် (သမ္ဗန်)မောင်းသူများ၊ ရွှေ့ပြောင်းအလုပ်သမားများ၊ ဈေးရောင်းချသူများ၊ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များရှိ အလုပ်သမားများ စသည့် စက်မှုဇုံပြင်ပ အလုပ်သမား များနှင့် လူအများဖြင့် ထိတွေ့ ဆက်ဆံနေရသူများကို စက်တင်ဘာ

 ၁၄ ရက်နေ့မှ စ၍ ပထမအကြိမ်အဖြစ် ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိရာ ယနေ့ စက်တင်ဘာ ၂၁ရက် (ခြောက်ရက်မြောက်နေ့)  တွင်လည်း အဆိုပါ သတ်မှတ် ဦးစားပေးအုပ်စုများထဲမှ ၁၇၈ ဦးကို  မြို့နယ် သူနာပြုဆရာမကြီးနှင့်  ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးလျက် ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေး အဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်း ကျန်ရှိသည့် ပြည်သူများကိုလည်း အသက်အရွယ်နှင့် သတ်မှတ် ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေး ဆက်တိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။

ဝေယံ