တပ်ကုန်း စက်တင်ဘာ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေဖူလုံစွာရရှိရန် ဘဏ္ဍာရေး နှစ်အလိုက် အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ် အတွင်း အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သော ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ဩဂုတ် လနောက်ဆုံးပတ်က (၁၀၀)ရာခိုင်နှုန်းပြည့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများကို ပြည်ထောင်စုငွေလုံးငွေရင်း(မူလ)၊ မွမ်းမံရန်ပုံငွေ ကျပ်သန်းပေါင်း (၄၅.၈၉၅)သန်း၊ နေပြည်တော်စီမံအုပ်ချုပ်ရေးကောင်စီ ခွင့်ပြုရန်ပုံငွေကျပ်သန်းပေါင်း (၁၈၃.၈၅) သန်း၊ စုစုပေါင်းရန်ပုံငွေ ကျပ်သန်း(၂၂၉.၇၄၅)သန်းဖြင့် (၄)လက်မ၊ (၄၀၀)ပေ စက်ရေတွင်း တူး ဖော်ခြင်း၊ ရေစက်ရုံတည်ဆောက်ခြင်း၊ (၂၄၀၀)ဂါလံဆံ့ စင်မြင့်ရေစင်တည်ဆောက်ခြင်း၊ (၂၀၀၀) ဂါလံဆံ့အုတ်ရေကန်တည်ဆောက်ခြင်း၊ (၂)လက်မရေပိုက်လိုင်းသွယ်တန်းခြင်း၊ သံဇကာ(Chain Link)ကာရံခြင်းစသည့် ကျေးလက်ရေရရှိရေးလုပ်ငန်းများကို ကျေးရွာ(၁၅)ရွာ တွင် ဖေဖော်ဝါရီလ တတိယပတ်ခန့်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။
ထိုလုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်သည့်ကျေးရွာများမှာ ဆည်တို၊ လက်ပံပု၊ သဲဖြူ ညောင်ပင်သာလေး၊ တောင်ပို့သာ၊ ဝက်စု၊ ဂါတ်ချိုင်း၊ သာယာအေး၊ သရက်ပင်၊ ရေအေး၊ အလည်ကျွန်း၊ ကန်နှစ်ဆင့်၊ သံခဲတောင်(မူလ)၊ သံခဲတောင်၊ ထရံကာကျေးရွာတို့ဖြစ်ပြီး၊ ကျေးရွာများအတွင်းရှိ အိမ်ခြေ(၄၆၅၈)အိမ်၊လူဦးရေ(၁၅၆၂၄)ဦးနှင့် ကျွဲ၊ နွားတိရစ္ဆာန်များ နွေရာသီတွင် သောက်သုံးရေလုံလောက်စွာ ရရှိမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆက်နိုင်ထွန်းထံမှ သိရသည်။
တင်စိုးလွင်