နမ္မတူ စက်တင်ဘာ ၂၁
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြန်မာနိုင်ငံသား တိုင်းရင်းသားများနှင့် ဥပဒေအရနိုင်ငံသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုး ထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် နမ့်ပါလေကျေးရွာ၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လက်ရှိဒေသတွင်အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ် မရှိသူများ၊ အိမ်ထောင်စုလူဦးရေစာရင်းမရှိ ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်းရှိသော်လည်း လက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသောသူများ၊ မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိ၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ် မရှိသူများအား ဆောင်ရွက်ပေးခြင်းဖြစ်ရာ နမ့်ပါလေကျေးရွာအုပ်စုရှိ နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသည့် ကျေးလက်နေပြည်သူ ၁၄ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။
နမ္မတူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် မေလ (၃)ရက်နေ့မှ ယနေ့အချိန်အထိ ကြူဆော့ကျေးရွာအုပ်စု၊ ဆိုက်ခေါင်ကျေးရွာအုပ်စု၊ ဘော်တွင်းကျေးရွာအုပ်စု၊ ခိုမိုကျေးရွာအုပ်စု၊ နမ့်ပါလေကျေးရွာနှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ် ၄၁၉ကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်း ၂၁စု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိသေးသော ကျေးရွာအုပ်စုများသို့လည်း ဆက်လက်ကွင်းဆင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း နမ္မတူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှထံမှ သိရသည်။
လူမော် (ပြန်/ဆက်)