လောက်ကိုင်မြို့နယ်၌ ကိုဗစ်ရောဂါကာကွယ်ရေးပစ္စည်းများနှင့် အလှူငွေကျပ် (၁၀)သိန်းစီ ထောက်ပံ့

လောက်ကိုင်  စက်တင်ဘာ ၂၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် (ရမခ)တိုင်းမှူး  ဗိုလ်ချုပ်နိုင်နိုင်ဦးတို့ ဦးဆောင်သော အဖွဲ့ဝင်(၁၃)ဦးတို့သည် ယနေ့ နံနက် (၈)နာရီတွင် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၊ လောက်ကိုင်မြို့ နှစ်နိုင်ငံ နယ်စပ်ဝင်/ထွက်ဂိတ်ဖြစ်သော  ရန်လုံကျိုင်းတံတား တည်ရှိရာနေရာသို့လည်းကောင်း၊ BP-125အနီး နှစ်နိုင်ငံ ယာယီနယ်စပ်ဂိတ် ဖွင့်လှစ်မည့်နေရာသို့လည်းကောင်း၊  Quarantine  Centre  သို့လည်းကောင်း လောက်ကိုင်ခရိုင်ပြည်သူ့ဆေးရုံနှင့် မိုးလုံလေလုံအားကစားကွင်း၊ ချမ်းမြေ့ဂုဏ်ဝေပရိယတ္တိ ပရိပတ္တိသီလရှင် ကျောင်းတိုက်တွင်  သီလရှင်များ ဆေးကုသဆောင်သို့လည်းကောင်း  ကွင်းဆင်းစစ်ဆေးကြည့်ရှုခဲ့ပြီး လိုအပ်သည်များ  လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ နံနက်(၁၀)နာရီခွဲချိန်တွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ  စီမံခန့်ခွဲရေး အဖွဲ့ရုံး  အစည်းအဝေးခန်းမ၌  ကိုးကန့်နှင့် ဝ  ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ၊ လောက်ကိုင်နှင့် ကုန်းကြမ်း မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ဒေသအဆင့်/ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းမှ လောက်ကိုင်ဒေသသည် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေး ရပ်တန့်မသွားစေရေး၊ နယ်စပ်ကုန်သွယ်ရေးအားပေးရန်၊ သို့မှသာ ဒေသပြည်သူများအတွက် စားနပ်ရိက္ခာ မပြတ်လပ်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး ပညာတတ်များတိုးပွားလာရေးအပြင်  စိုက်ပျိုးရေး၊ မွေးမြူရေးကိုပါ  တိုးမြှင့်ဆောင်ရွက်ကြရန် ဘက်စုံဖွံဖြိုးတိုးတက်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်  ဤဒေသ တာဝန်ကျ ဝန်ထမ်းများ အားမငယ်ကြရန် အားပေးစကား ပြောကြားခဲ့သည်။ 

အခမ်းအနားအပြီးတွင်  ကိုဗစ်ရောဂါ ကာကွယ်ရေးပစ္စည်းများနှင့် အလှူငွေကျပ် (၁၀)သိန်းစီ ထောက်ပံ့ပေးခဲ့ကြောင်း၊  ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း  သိရသည်။

နန်းမြမြ၀င်း