လင်းခေး စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊လင်းခေးမြို့နယ်တွင်ကိုဗစ်၁၉ရောဂါကာကွယ်ဆေး(ပထမအကြိမ်) နှင့် (ဒုတိယအကြိမ်) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၈နာရီခွဲက လင်းခေးမြို့၊အခြေခံပညာ အထက်တန်းကျောင်းနှင့် တောင်ရွာအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တို့၌ မြို့နယ် ကိုဗစ်၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ၊လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူတို့ကပူးပေါင်းဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။
အဆိုပါ ထိုးနှံပေးခြင်းတွင် မြို့ပေါ်၈ရပ်ကွက်မှ ရွာမကြီးအရှေ့၊ ရွာမကြီးအနောက်၊ ပင်ဟုန်းရပ်၊ တောင်ရွာ၊ ဝမ်လွိုင်ရပ်ကွက်များနှင့် ပုန်းထွန်ကျေးရွာရှိ အသက်၅၅နှစ်နှင့် အထက်၊ မသန်စွမ်းသူများ၊ ကိုဗစ်ပိုးရှိမရှိကျန်းမာရေးစစ်ဆေးပြီးသည့် ပိုးမရှိဈေးသည်များ ပြည်သူ(၄၀၀)ဦးခန့်အား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းကို တောင်ရွာအ-လ-က(ခွဲ)စုရပ်၌ ဆောင်ရွက်ပေးခဲ့ကြပါသည်။
အလားတူ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (ပထမအကြိမ်ထိုးနှံထားပြီး)သူများ၊ မထိုးနှံရသေးသော ရပ်ကွက်နေ ပြည်သူများအပါအဝင် နိုင်ငံ့ဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းမိသားစုများအား လင်းခေးမြို့ အခြေခံပညာအထက်တန်းကျောင်း စုရပ်နေရာတွင် အဆိုပါ ပြည်သူ(၁၅၀)ဦးအား တာဝန်ရှိသူတို့က ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။
ပထမအကြိမ် ထိုးနှံခြင်းပြုရမည့်သူများအား တစ်ရပ်ကွက်လျင် လူ(၅၀)ဦးသာ လာရောက်ထိုးနှံစေပြီး ကျန်းမာရေးဝန်ကြီးဌာနမှ ချမှတ်ထားသော ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ထိုးနှံဆောင်ရွက်ပေးခဲ့ကြပြီး၊ ကျန်ရှိသော ရပ်ကွက်နေ ပြည်သူများအား စက်တင်ဘာ၂၁၊၂၂ရက်၌ ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ထိန်းချုပ်ရေးနှင့် ကုသရေးကော်မတီမှ သိရသည်။
စိုင်းဇော်လတ်(လင်းခေးခရိုင်ပြန်/ဆက်)