လွိုင်လင်မြို့နယ်၏ Clean & Green Cities လုပ်ငန်းများရာနှုန်းပြည့်ပြီးစီး

လွိုင်လင် စက်တင်ဘာ  ၂၁

လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လွိုင်လင်မြို့နယ်၏  ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ် Clean & Green Cities ခေါင်းစဉ်ဖြင့်  ရှမ်းပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ၏ ခွင့်ပြုရန်ပုံငွေ  ကျပ်သန်း( ၄၈၀.၀၀၀)ဖြင့် ဆောင်ရွက်လျက်ရှိသည့် ကျပ်(၁၀)သန်းအောက် လုပ်ငန်း(၆)ခု၊ ကျပ်(၁၀)သန်းအထက်လုပ်ငန်း(၅)ခုနှင့် ကျပ်သန်း(၁၀၀) အထက် လုပ်ငန်း(၁)ခု လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

အဆိုပါ Clean & Green Cities ခေါင်းစဉ်ဖြင့် ဆောင်ရွက်သည့်လုပ်ငန်းများမှာ Digital အချက်ပြမီးပွိုင့်(၄)ခုနှင့် ယာဉ်ထိန်းရဲ နားခိုတဲ(၄)ခုကို ပြည်လုံးကျော်ကုမ္ပဏီ ကလည်းကောင်း၊ အမှိုက်သိမ်းယာဉ်(၁)စီးဝယ်ယူခြင်းကို ချယ်ရီအင်ပါယာကုမ္ပဏီက လည်းကောင်း၊ လွိုင်လင်မြို့ သာယာလှပရေး အပင်စိုက်ပျိုးခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ပင်လုံမြို့ ရတနာကန်ပတ်လည် မီးထွန်းခြင်း၊ ဆေးသုတ်ခြင်း နှင့် Landscaping  ပြုလုပ်ခြင်းကို သံလွင်သွေးချင်းကုမ္ပဏီ ကလည်းကောင်း ၊ မိတ္ထှီလာ-တောင်ကြီး ကျိုင်းတုံ - တာချီလိတ်လမ်း မိုင်(၁၇၂/၀ - ၁၇၃/၀)အတွင်း လမ်းညာဘက်အရှည်ပေ ၄၆၂၀ ၊ လမ်းဘယ်ဘက်အရှည် ၃၃၃၀ ပေရှိ ရေမြောင်းဖုံး ပြုလုပ်ခြင်းကို အောင်ခေးခမ်း ကုမ္ပဏီကလည်းကောင်း ၊ ပင်လုံမြို့ ပြည်ထောင်စုလမ်း နှင့် ရွှေကြာလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို တင်ဝင်းနိုင်ကုမ္ပဏီက လည်းကောင်း ၊ လွိုင်လင်မြို့တွင်းလမ်း ကတ္တရာလမ်းပေါက်ဖာထေးခြင်း ၊ ပင်လုံမြို့ ရွှေကြာလမ်း နှင့်မြို့လယ်လမ်းဆုံ တွင် BoxCulvert တစ်စင်း  ၊ ရွှေကြာလမ်း နှင့် ကျောက်တိုင်လမ်းဆုံတွင် BoxCulvert တစ်စင်း ၊  ရွှေကြာလမ်း နှင့် စံပြလမ်းဆုံ တွင် BoxCulvert တစ်စင်း  ၊ ရွှေကြာလမ်း နှင့် ဘုရားဝန်းအဝင်လမ်း တွင် BoxCulvert တစ်စင်း နှင့် ပင်လုံမြို့ စိမ်းလန်းစိုပြေရေး ( စိန်ပန်းနီ ၊ စိန်ပန်းပြာ ၊ ငုဝါပန်း)စိုက်ပျိုးခြင်းနှင့် Tree Guard ပြုလုပ်ခြင်းလုပ်ငန်းများကို မြို့နယ်စည်ပင်သာယာရေးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လွိုင်လင်မြို့နယ်၏  ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း အသုံးစရိတ်   Clean & Green Cities ခေါင်းစဉ်ဖြင့်  ဆောင်ရွက်သည့် လုပ်ငန်းပြီးစီးမှုအခြေအနေများကို စက်တင်ဘာလ ၁၇ ရက်နေ့ နံနက်ပိုင်းက လွိုင်လင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ (ခရိုင်အုပ်ချုပ်ရေးမှူး)  ဦးကံစောလှိုင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်  နှင့် ခရိုင်/မြို့နယ် တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေး ကော်မတီဝင်များက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

လွိုင်လင်မိုး