မော်လမြိုင် စက်တင်ဘာ ၂၁
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲ၁နာရီက မွန်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်း ခန်းမ၌ ကျင်းပပြုလုပ်သည့် ပြည်နယ်အတွင်းရှိ တောင်သူများအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထောက်ပံ့ပေးနိုင်ရေးနှင့် စပါးအထွက်နှုန်း ကောင်းမွန်စေရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး တက်ရောက်သည်။
အစည်းအဝေးတွင်ပြည်နယ်ဝန်ကြီးချုပ်က မြန်မာနိုင်ငံသည်လယ်ယာစိုက်ပျိုးရေးကိုအခြေခံ သည့် နိုင်ငံဖြစ်သည်နှင့်အညီ စိုက်ပျိုးရေးကဏ္ဍအား အထွက်နှုန်းကောင်းမွန်စေရေးသည် အဓိက ဖြစ်ကြောင်း၊ သီးနှံများအထွက်နှုန်းကောင်းမွန်စေရေးအတွက် လိုအပ်သည့် သွင်းအားစုများ၊ စက်မှု လယ်ယာစိုက်ပျိုးခြင်းနှင့် သိပ္ပံနည်းကျစိုက်ပျိုးခြင်းဖြင့် အထွက်နှုန်းကောင်းမွန်သည့် မျိုးစေ့များ ရရှိရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ရာတွင်လည်း ဓါတ်မြေဩဇာ လိုအပ်ချက်များ၊ စိုက်ပျိုးစရိတ်ချေးငွေများ ထောက်ပံ့ပေးနိုင်ရေးတို့အပြင် မွေးမြူရေးကဏ္ဍများကိုပါ ဆောင်ရွက်ပေး နိုင်ရေးတို့ တာဝန်ရှိသူများကို မှာကြားသည်။
ထို့နောက် တက်ရောက်ကြသူများက စပါးအထွက်နှုန်း တိုးတက်ကောင်းမွန်စေရေးအတွက် စံပြစိုက်ခင်းများ၊ မျိုးစပါးမျိုးစေ့ ထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်း၊ သုတေသနလုပ်ငန်းများနှင့် သိပ္ပံနည်းစနစ်ဖြင့်စိုက်ပျိုးခြင်း၊ တောင်သူများ၏ လိုအပ်သည့် ဓါတ်မြေဩဇာများ၊ စိုက်ပျိုးစရိတ် ချေးငွေများ ထောက်ပံ့ပေးနိုင်ရေး တင်ပြမှုအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ပေးသည်။
မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကဏ္ဍအနေဖြင့် မိုးစပါးစိုက်ပျိုးလျာထားဧက ခြောက်သိန်း၊ ရှစ်သောင်းကျော် ရည်မှန်းထားပြီး စက်တင်ဘာလအထိ ခြောက်သိန်း ၊ရှစ်သောင်း ၊တစ်ထောင် သုံးရာ၊ကိုးဆယ်ဧကစိုက်ပျိုးထားရှိပြီဖြစ်၍ရာခိုင်နှုန်းအားဖြင့်၉၉ဒဿမ၄၅ဧကစိုက်ပျိုးဆောင်ရွက် ထားပြီဖြစ်ကာ မိုးအလွန်ကာလတွင် အခြားသီးနှံများအပြင် ဒေသထွက်သီးနှံများဖြစ်သည့် ရော်ဘာ၊ ဒူးရင်း၊ မင်းဂွတ်၊ ကြက်မောက်နှင့် အခြားသီးနှံများ စိုက်ပျိုးဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)