နောင်တရား စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရားဒေသမှ စိုက်ပျိုးရေးထွက်ကုန်နှင့် ဆီဆိုင်မြို့နယ်မှ စိုက်ပျိုးရေးထွက်ကုန်များ အပြန်အလှန် လှူဒါန်းကြကြောင်း နောင်တရားမြို့ အာလူးအသင်းဥက္ကဋ္ဌ ဦးခွန်ဆန်းဦးမှ သိရသည်။
ပခုက္ကူမြို့မှ အလှူရှင်များက လူထုထံမှ လူထုဆီသို့ ပြန်လည်လှူဒါန်းရန် အစီအစဉ်ဖြင့် ရပ်ကွက်အတွင်းရှိ ပြည်သူများကို လှူဒါန်းရန်အတွက် နောင်တရားဒေသစိုက်ပျိုးရေး ထွက်ကုန်များကို လစဉ်ဝယ်ယူ၍ လှူဒါန်းပေးလျက်ရှိသည်။
ဆီဆိုင်မြို့မှ စိုက်ပျိုးရေးထွက်ကုန်များဖြစ်သည့် ဖရုံသီး(၂၄၀၀)လုံးကို ပခုက္ကူမြို့သို့ လှူဒါန်းရန် အတွက် ပေးပို့လှူဒါန်းခဲ့ပြီး နောင်တရားဒေသမှ စိုက်ပျိုးရေးထွက်ကုန်များဖြစ်သော ဂေါ်ဖီထုတ် (၃၆၀၀)ကို နောင်တရားဒေသပရဟိတအဖွဲ့များက ဆီဆိုင်မြို့ဒေသခံများအတွက် ပြန်လည် လှူဒါန်းပေးခဲ့သည်။
စက်တင်ဘာလ ၂၀ ရက်နေ့တွင် ပခုက္ကူမြို့သို့ ဖရုံသီး(၁)စီးနှင့် ခရမ်းချဉ်သီး(၁)စီး စုစုပေါင်းကုန်ချိန် ပိသာ (၁၂၀၀၀)ခန့်ကို ပေးပို့လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
ခွန်အောင်(နောင်တရား)