တံတားဦးမြို့၌ အောက်ဆီဂျင်ထုတ်လုပ်ရန် အောက်ဆီဂျင်စက်ရောက်ရှိ

 

တံတားဦး ၊ စက်တင်ဘာ - ၂၁

ကျောက်ဆည်ခရိုင် ၊ တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်နှင့် ရောဂါကူးစက်ခံရသူ လူနာများအတွက် လိုအပ်သည့် အောက်ဆီဂျင်ထုတ်လုပ်ပေးမည့် အောက်ဆီဂျင်စက် ယနေ့နံနက်(၇)နာရီက  တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် ၊ သုခိတ ကမ္ဘောဇဗိမာန်အတွင်းသို့ ရောက်ရှိကြောင်းသိရသည်။

အဆိုပါအောက်ဆီဂျင် စက်အမျိုးအစားမှာ တရုတ်နိုင်ငံထုတ်စက်အမျိုးအစားဖြစ်ကာ ကျွမ်းကျင် ပညာရှင်များနှင့် ပူးပေါင်းကာ စက်ကိုစက်တင်ဘာလအကုန်အတွင်း စမ်းသပ်လည်ပတ် နိုင်မည်ဖြစ်ပြီး စက်တန်ဘိုးမှာငွေကျပ်သိန်းပေါင်း(၈၆၀) ကုန်ကျကြောင်း ၊ စက်ထားရှိမည့်စက်ရုံမှာ အလျား(၅၀)ပေ ၊ အနံ(၂၀)ပေနှင့် အမြင့်(၁၂)ပေတို့ဖြင့် တည်ဆောက်ထားပါကြောင်း ၊ အဆိုပါ အောက်ဆီဂျင်စက်သည် တစ်နာရီကို လေးဆယ်လီတာအိုး (၄)လုံး ထုတ်ပေးနိုင်မည် ဖြစ်ကြောင်း တစ်နေ့လျှင် နာရီ(၂၀)လည်ပတ်ခြင်းအားဖြင့် (၄၀)လီတာအိုး အလုံး(၈၀) ထုတ်ပေးနိုင်မည်ဖြစ်ရာ ပိုလျှံပါက အခြားမြို့ရွာများ ကိုလည်းလှူဒါန်းပေးနိုင်မည်ဖြစ်ကြောင်း အောက်ဆီဂျင်စက်နှင့် စက်ရုံ ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးချမ်းသာထံ မှသိရသည် ။

အောက်ဆီဂျင်စက်ရုံအား တံတားဦးမြို့နယ်အတွင်းရှိ ကိုဗစ်-၁၉လူနာများကို အောက်ဆီဂျင် လိုအပ်မှုအား အမြန်ဖြည့်ဆည်းပေး နိုင်ရေးအတွက် တစ်ပတ်အတွင်းပြီးစီးအောင် တည်ဆောက် သွားမည် ဖြစ်ကြောင်းလည်းသိရသည် ။

 

.ရဲတင့်(တံတားဦး)