ကျိုင်းတောင်း စက်တင်ဘာ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm(BIBP) ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်း ၉ နာရီအချိန်ကစတင်၍ အမှတ်(၅)ရပ်ကွက်ရှိ တုန်ဟုန်းဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ကျိုင်းတောင်းတပ်နယ်ဆေးရုံမှ ဗိုလ်ကြီးရန်မျိုးအောင် ဦးစီးဦးဆောင်၍ သူနာပြုအရာရှိနှင် သူနာပြုများ လိုက်ပါဆောင်ရွက်ခဲ့ပြီး အသက် ၆၅ နှစ် နှင့်အထက်ရှိသူများနှင့် ဦးစားပေးအဆင့် များတွင်ပါဝင်သော အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များ ၊ သံဃာတော်များ ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများ ၊ပုဂ္ဂလိက ဘဏ်ဝန်ထမ်းများ ၊ အကျဉ်းသားများ ၊ ပုဂ္ဂလိက စက်ရုံ၊အလုပ်ရုံ ဝန်ထမ်းများ ၊ဟိုတယ်/မိုတယ်နှင့် တည်းခိုခန်းများရှိဝန်ထမ်းများ ၊ စားသောက်ဆိုင်နှင့် ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်းများ၊ Super Market နှင့်ဈေးများရှိဝန်ထမ်းများ စသည့် ဆေးမထိုးရသေးသည့်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinopharm(BIBP) အား စနစ်တကျထိုးနှံပေးခဲ့ကြောင်းသိရသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm(BIBP) ထိုးနှံပေးခြင်းကို ဌာနဆိုင်ရာဝန်ထမ်းများ ၊မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများက ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm(BIBP) လာရောက်ထိုးနှံသူ စုစုပေါင်း (၅၀၀)ဦး ရှိပါကြောင်း သိရသည်။
သီဟ(ပြန်/ဆက်)