တိုက်ကြီး စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား)များ၏ ပင်စင်လစာငွေများအား ယနေ့နံနက် ၇ နာရီအချိန်မှစ၍ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း မြန်မာ့စီးပွားရေး ဘဏ် တာဝန်ရှိသူထံမှ သိရသည်။
တိုက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ဝန်ထမ်းများသည် ဘဏ်သို့လာရောက်၍ အငြိမ်းစားလစာထုတ်ယူသူ နိုင်ငံဝန်ထမ်း (အငြိမ်းစား)များ၊ ဘဏ်နှင့်ပတ်သက်၍ လုပ်ငန်း လာရောက်ဆောင်ရွက်ကြသည့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အတွက် ဘဏ်သို့အဝင်တံခါးပေါက်ရှေ့တွင် ကိုယ်အပူချိန်တိုင်းတာခြင်း၊ တစ်ဦးနှင့် တစ်ဦး ၆ ပေကွာထိုင်စေခြင်း၊ ရေနှင့် လက်ဆေးဆပ်ပြာ၊ လက်သန့်ဆေးရည်တို့ဖြင့် လက်ဆေးစေ ခြင်း၊ ပါးစပ်/နှာခေါင်းစည်း(Mask)တပ်ဆင်စေခြင်းနှင့် (Mask) မပါရှိသူများအား (Mask) များ အခမဲ့ပေး၍ (Mask) တပ်ဆင်ပြီးမှသာ ရုံးအတွင်းသို့ ဝင်ရောက်စေခြင်း၊ ငွေသွင်း/ငွေထုတ် ကောင်တာသို့ အလှည့်ကျဝင်ရောက်စေခြင်း၊ ငွေသွင်း/ငွေထုတ်ပြုရာတွင် တစ်ဦးနှင့်တစ်ဦး ၆ ပေခြားကာ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပြီး ကျန်းမာရေးအခြေအနေကြောင့်ဖြစ်စေ ဆွေမျိုးသားချင်းများ မရှိ၍ ဖြစ်စေ ဘဏ်သို့ ကိုယ်တိုင်လာရောက်၍ ပင်စင်လစာငွေထုတ်ယူနိုင်ခြင်း မရှိသူများနှင့် ကိုယ်စားလှယ်ဖြင့် လစာထုတ်ယူရန် အခက်အခဲရှိသူများ အနေဖြင့် ဘဏ်သို့ ဖုန်းဖြင့် ဆက်သွယ် အကြောင်းကြားပါကဘဏ်မှ ရုံးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းနေထိုင်ရာ နေအိမ်သို့ သွားရောက်၍ ပင်စင်လစာငွေ ထုတ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
တိုက်ကြီးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံရေးပင်စင်၊ ကာကွယ်ရေးပင်စင်နှင့် မြို့ပြပင်စင် လစာငွေထုတ်ယူသူ အငြိမ်းစားဝန်ထမ်းများကို လစဉ် ၂၁ ရက်နေ့မှစ၍ ရုံးဖွင့်ရက်များတွင် ပုံမှန် ထုတ်ပေးလျက်ရှိပြီး လာရောက်ထုတ်ယူသူ အငြိမ်းစား ဝန်ထမ်းများနှင့် ဘဏ်လုပ်ငန်းများ လာရောက်လုပ်ဆောင်ကြသည့် ပြည်သူများ လုံခြုံမှုရှိစေ ရေးအတွက်လည်း တိုက်ကြီးမြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
စန်းကလျာခိုင်