သုံးခွ စက်တင်ဘာ ၂၁
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် အသက်၅၅နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းများ၊ နာတာရှည်ရောဂါရှိသူများကို (ပထမအကြိမ်) ကျေးရွာများအရောက် ကွင်းဆင်းထိုးနှံပေးခြင်းကို သက်ဆိုင်ရာ စုရပ်များအလိုက် ယမန်နေ့နံနက် ၉နာရီအချိန်မှစတင်၍ ထိုးနှံပေးကြောင်း သိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော ပျဉ်းမကန်ကျေးရွာနေ သက်ကြီးဘိုးဘွားများ၊ မသန်စွမ်းသူများနှင့် နာတာရှည်ရောဂါရှိသူများအား ကျန်းမာရေး ဝန်ထမ်းများနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက သွေးတွင်း အောက်စီဂျင် လည်ပတ်မှုနှုန်း တိုင်းတာခြင်းနှင့် ရောဂါအခံ ရှိ/မရှိ မေးမြန်းခြင်းတို့ကို ဆောင်ရွက်ပြီးမှသာ ကျန်းမာရေး၀န်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေးထိုးနှံပေးလျက် ရှိသည်။
“အခုလို ရောဂါဖြစ်ပွားနေတဲ့ အချိန်မှာ ကာကွယ်ဆေးထိုးခွင့်ရတဲ့အတွက် အရမ်း ဝမ်းသာပါတယ်၊ ကာကွယ်ဆေးထိုးပေးတဲ့ ဆရာ၊ ဆရာမတွေ၊ စီမံဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေအားလုံးကို အထူးကျေးဇူးတင်ပါတယ်” ဟု ပျဉ်းမကန်ကျေးရွာနေ အဘိုးဦးသန်းရွှေ (၇၃)နှစ်က ပြောကြားသည်။
ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးသိန်းစိုး နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံပေးခြင်းအား ၂၀.၉.၂၀၂၁ ရက်နေ့မှ ၃၀.၉.၂၀၂၁ ရက်နေ့အထိ သက်ဆိုင်ရာ စုရပ်များအလိုက် ကျေးရွာများအရောက် သွားရောက်ထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
သုံးခွမြို့နယ်တွင် ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးထိုးနှံသည့် သက်ကြီးဘိုးဘွား (၄၂၇၄)၊ သံဃာတော်၊ သီလရှင် (၅၂၆)၊ နိုင်ငံဝန်ထမ်း (၆၆၆)၊ ဝန်ထမ်းမိသားစု (၁၃၅၈)၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း (၄၈)၊ ဈေးသည် (၄၈၀)၊ မသန်စွမ်း(၂၆)၊ နာတာရှည်ရောဂါသည် (၉၆)၊ အကျဉ်းသား(၄)ဦးနှင့် စက်မှုဇုန်ပြင်ပ အလုပ်သမား (၅၈၄) ဦးတို့အား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးပြီးဖြစ်ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)