ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ စက်မှုဇုံပြင်ပအလုပ်သမားများ အား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ငါးရက်မြောက်နေ့ ဆက်လက် ထိုးနှံပေးလျက်ရှိ

ဆိပ်ကြီးခနောင်တို စက်တင်ဘာ ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တို မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို ဆက်လက်ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်း သတ်မှတ် ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးရန်ကျန်ရှိသည့် စက်မှုဇုံပြင်ပ အလုပ်သမား များအား ပထမအကြိမ်(ငါးရက်မြောက်နေ့)အဖြစ် ယမန်နေ့ နံနက် ၉ နာရီမှ စ၍ အခြေခံပညာ အထက်တန်းကျောင်း (အထက-ခနောင်တို) ခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့် အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinovac ဆက်လက်ထိုးနှံ ပေး လျက် ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်အတွင်းရှိ သင်္ဘောကျင်းများတွင် အလုပ်လုပ်ကိုင်နေသူများ၊ ဆိုင်ကယ် ကယ်ရီမောင်းသူများ၊ စက်တပ်ရေယာဉ်(သမ္ဗန်)မောင်းသူများ၊ ရွေ့ပြောင်းအလုပ် သမားများ၊ ဈေးရောင်းချ သူများ၊ လ္ဘက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များရှိ အလုပ်သမားများ စသည့် စက်မှုဇုံပြင်ပ အလုပ်သမားများနှင့် လူအများဖြင့် ထိတွေ့ ဆက်ဆံနေရသူများကို စက်တင်ဘာ ၁၄ ရက်နေ့မှ စ၍ ပထမအကြိမ်အဖြစ် ကာကွယ်ဆေး စတင်ထိုးနှံ ပေးလျက်ရှိရာ ယနေ့ စက်တင်ဘာ ၂၀ ရက်(ငါးရက်မြောက်နေ့)တွင် လည်း အဆိုပါသတ်မှတ် ဦးစားပေးအုပ်စုများထဲမှ ၂၇၄ ဦးကို  မြို့နယ်သူနာပြုဆရာမကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံပေး လျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံပေးရာသို့ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌဦးမြင့်လှိုင်နှင့် အဖွဲ့ဝင်များက ကြီးကြပ်၍ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန် ရေးကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့အစည်းများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် မြို့နယ်အတွင်း ကျန်ရှိသည့် ပြည်သူများကိုလည်း အသက်အရွယ်နှင့် သတ်မှတ် ဦးစားပေး အုပ်စုအလိုက် ကာကွယ်ဆေး ဆက်တိုက် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။

ဝေယံ(IPRD)