ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို ကျေးရွာအရောက် သွားရောက်ထိုးနှံပေး

 

မိုင်းယန်း     စက်တင်ဘာ      ၂၁

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုကို တားဆီးနိုင်ရန်အတွက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ဝမ်တောင်းကျေးရွာနှင့် နောင်ဟွိုင်ကျေးရွာသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းကို စက်တင်ဘာ ၂၀ ရက်နေ့က ကျေးရွာအရောက် သွားရောက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ ကျန်းမာရေးကြီးကြပ်(၁) ဦးကျော်သက်ပိုင်တို့က ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ထွေ/အုပ်ဝန်ထမ်းများနှင့် လဝကဝန်ထမ်းတို့က ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် မိုင်းလွေကျေးရွာအုပ်စုအတွင်းရှိ ရှမ်းတိုင်းရင်းသားများနေထိုင်သည့် နောင်ဟွိုင်ကျေးရွာနှင့် ဝမ်တောင်းကျေးရွာတို့ရှိ   အသက်(၅၅)နှစ်အထက်ရှိသူများ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်သောရောဂါရှိသူများ၊ စေတနာ့ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ကုန်စုံဆိုင်ဈေးသည်များ၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်းများ စသည့် ဦးစားပေးအုပ်စုများတွင် ပါဝင်သည့် ဒေသခံတိုင်းရင်းသားပြည်သူများအား စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်းများ စနစ်တကျ ဆောင်ရွက်ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။

ကာကွယ်ဆေးလာရောက်ထိုးနှံကြသော ပြည်သူများအား ရှမ်းတိုင်းရင်းသားဘာသာဖြင့် ထုတ်ဝေသည့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ(Covid-19)ကူးစက်ခြင်းမှ ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုင်းယန်းမြို့နယ်တွင် ဩဂုတ်လ ၂ ရက်နေ့မှ စက်တင်ဘာ ၂၀ ရက်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၄၀)ဦးရှိပြီ ကျန်းမာရေးကောင်းမွန်၍ ဆေးရုံဆင်းခွင့်ရရှိသူ(၃၆)ဦးရှိကာ ဆေးကုသဆဲပိုးတွေ့လူနာ ၄ ဦးကျန်ရှိကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာဦးဘထံမှ သိရသည်။

ခွန်ရဲထွေး(ပြန်/ဆက်)