ရန်ကုန် စက်တင်ဘာ ၂၁
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ရေစီးရေလာနှင့် ရေဆိုးစီမံခန့်ခွဲမှုလုပ်ငန်း တာဝန်ခံအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေး အတွက် ဒလ-တွံတေး ကားလမ်းမကြီးဘေး ဝဲ/ယာ တစ်လျှောက် ရေစီးရေလားကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်းများနှင့် မြက်များ ရှင်းလင်းခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူး ဦးကျော်အောင်နှင့် တာဝန်ရှိသူများ၊ ပန်းဥယျာဉ် ဝန်ထမ်းများ၊ WA ဝန်ထမ်းများ၊ သန့်ရှင်းရေးဝန်ထမ်းများ၊ မြောင်းရှင်းလုပ်သားများ ပူးပေါင်း၍ ဒလ-တွံတေး ကားလမ်းကြီးဘေးရှိ ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ အမှိုက်များ၊ နှုန်းများ ဆယ်ယူရှင်းလင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ ထို့အတူ မြို့နယ်အတွင်း ပိတ်ဆို့မြောင်းများ တူးဖော်ခြင်း၊ ရေစီးရေလာ ကောင်းမွန်စေရေး အမှိုက်များ၊ နုန်းများ ဆယ်ယူခြင်းနှင့် မြက်များရှင်းလင်းပေးခြင်းလုပ်ငန်းများကို ဆက်လက်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ဒလမြို့နယ်သည် ရန်ကုန်မြစ်၊ ပင်လယ်ဝတို့နှင့် ထိစပ်လျက်ရှိခြင်းကြောင့် မိုးတွင်းကာလ၌ မြေနိမ့်ပိုင်း ရပ်ကွက် များ၊ မြစ်ချောင်းဘေး ရပ်ကွက်များနှင့် ရေစီးရေလာမကောင်းသော ရပ်ကွက်များတွင် ဒီရေဝင်ရောက်မှုများ နှစ်စဉ်ကြုံတွေ့လျက်ရှိရာ မြို့တွင်း၌ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ပါက ဒီရေဝင်ရောက်မှု လျော့နည်း သက်သာသွားမည်ဖြစ်ကြောင်း၊ ထို့အတူ ဒေသခံပြည်သူများအနေဖြင့် စွန့်ပစ်အမှိုက်များကို လမ်းဘေးမြောင်းများ၊ ချောင်းများအတွင်းသို့ မစွန့်ပစ်ဘဲ စည်းကမ်းရှိစွာဖြင့် စနစ်တကျ အမှိုက်ပုံး၊ အမှိုက် ကန်များသို့ စွန့်ပစ်ကျဖို့လိုအပ်ကြောင်း မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
နိုင်လင်းကျော်(IPRD)