ညောင်ဦး စက်တင်ဘာ ၂၁
မြန်မာပြည်အရပ်ရပ်တွင်ရှိ သဘာဝအလှတရားများရှိရာဒေသများကို သက်ဆိုင်ရာ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ သက်ဆိုင်ရာဌာနခွဲ၊တာဝန်ခံရုံးများမှတာဝန်ခံ၊ တာဝန်ရှိသူများက နယ်မြေ၊ဒေသခံများဖြင့်ထူးခြားဆန်းကြယ်သောနေရာများ၊ သဘာဝ ကျောက်ရေအိုင်များ၊ ရေကန်များ၊တောတွင်းစွန့်စားခရီးစဉ်သွားရောက်လိုသူများ၊ သစ်ခွ မျိုးစိတ်စိတ်ဝင်စားသူများ၊ လိပ်ပြာမျိုးစုံစိတ်ဝင်စားသူများအား လာရောက်လေ့လာလည် ပတ်နိုင်စေရန် ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန(ပုဂံဌာနခွဲ)ရုံးမှ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေလာရောက် လည်ပတ်သည့်အခါ ခရီးစဉ်ဒေသ ငါးခုအပြင် နောက်ထပ် ကျောက်ပန်းတောင်းမြို့နယ် ၊ပုပ္ပား တောင်မကြီးခရီးစဉ်အား တောတွင်းစွန့်စားခရီးစဉ်ဒေသအဖြစ် ရပ်ရွာအခြေပြုခရီးသွား လုပ်ငန်းစဉ်တစ်ခုအဖြစ် ဖော်ဆောင်ထားရှိကြောင်း ညောင်ဦးမြို့နယ်၊ ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ပုဂံရုံးခွဲမှသိရသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုခရီးစဉ်ဒေသအပြင် ညောင်ဦးမြို့နှင့် မိုင် ၃၀ခန့်ဝေးကွာ သည့် ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတောင်မကြီးခရီးစဉ်အား ပုပ္ပားတောင်မကြီး တောင်ဘက် ခြမ်းရှိ ကျောက်ပန်းတောင်းမြို့မှမိတ္ထီလာမြို့အထွက် ၇မိုင်ခန့်အကွာမှစတင် ဝင်ရောက်ရပြီး လဲဂွရွာ၊ လက်ပံအိုင့်ရွာသို့စတင်ရောက်ရှိမည်ဖြစ်သည်၊ လဲဂွရွာ၊လက်ပံ အိုင့်ရွာသို့မရောက်မီ မကျည်းတိုင်းအုပ်စု၊ ပြည့်ဝရွာမြောက်ဘက် မတ်တစ်ထောင်(ငရံ့ တောင်)တန်းတွင် တည်ထား ကိုးကွယ်ထားသည့် မဟာဗုဒ္ဓငါးထောင်၊မဟာဗောဓိငါး ထောင်ကိုဝင်ရောက်လေ့လာဖူးမြှော် နိုင်ပြီး၊ မဟာဗောဓိငါးထောင်၏အရှေ့ဘက်တွင် မြန်မာပြည်တွင် ပထမဆုံးတည်ဆောက်ခဲ့သည့် ကြက်မောက်တောင်ဆည်ကို လက်လှော်လှောဖြင့် ကြက်မောက်တောင်ဆည်ပတ်ဝန်းကျင် ဒေသများကိုလေ့လာနိုင်ပြီး၊ ရုရှားနိုင်ငံ အင်ဂျင်နီယာများဖြင့် တည်ဆောက်ထားခဲ့သည့် ကျောက်ထက်အက္ခရာမော်ကွန်းကိုဖတ် မှတ်လေ့လာနိုင်ပြီး ကြက်မောက်တောင်ဆည် နယ် နမိတ်များသတ်မှတ်ရေမှတ်တိုင်များ စိုက်ထူထားသည်များကိုလေ့လာနိုင်ကြောင်းသိရသည်။
ကြက်မောက်တောင်ဆည်မှတဆင့် ၃ဖာလုံခန့်ကွာဝေးသည့် လဲဂွရွာထိပ်ရှိ ရွှေနတ်တောင် စေတီတော်အားဖူးမြှော်ကြည်ညိုနိုင်ကြောင်းနှင့် ရွှေဖျင်းညီနောင် ညီအကိုနှစ်ဦး ရွှေနတ်တောင် ဘုရားပွဲတော်တိုင်း လာရောက်ဖူးမြှော်သည့် စေတီတော်ဖြစ်ကြောင်းလည်း ရှေးသက်ကြီး ဘိုးဘွားများရဲ့ပြောပြချက်အရ သိရသည်။ထိုမှတဆင့် လဲဂွရွာ၏ အနောက်ဘက် သုံးဖာလုံခန့် အကွာတွင် ငွေတွင်းတောင်စေတီကုန်းရှိ ငွေတွင်းတောင်စေတီနှင့် ဘုရားများ၊ လဲဂွရွာ၊ လက်ပံ အိုင့်ရွာ၏မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တွင် သဘာဝအတိုင်းဖြစ်တည်နေသည့် ဂဲမိုးအိုင်၊ ဂဲတစ်လုံးဆို့အိုင်၊ ဗျောဗျောကျအိုင်၊ စကောဝိုင်းအိုင်၊လက်ငါးချောင်းအိုင်ခေါ် ငါးကြင်းပုံအိုင်ကြီး များသဘာဝအတိုင်းရေအပြည့် ဖြင့်တွေ့မြင်နိုင်ပြီး အနောက်ဘက်အခြေတွင် ကျောက်သား မိုးမျှော်လျှိုရိုးကြီးအတွင်း အေးမြကြည်လင်သည့် ရေများအတိုင်းဖြတ်ပြီး သဘာဝကျောက်ကြား လျှိုကြီးထဲ အံ့ဩဖွယ်တွေ့မြင်လေ့လာနိုင်မည်ဖြစ်သည်။
ထိုအရပ်ဒေသအခေါ် ဂဲမိုးအိုင်သည် သဘာဝလေးထောင့်ကန်နက်ကြီးပေါ် ကျောက်ဆိုင်ကြီး မိုးနေကာ လဲဂွ၊လက်ပံ့အိုင့်ရွာမှ နွားကျောင်းသား၊ဆိတ်ကျောင်းသားများ အဆိုပါ ဂဲမိုးကြီးပေါ်မှ ခုချရေချိုးကြခြင်းဖြစ်ကြောင်း၊ ဗျောဗျောကျရေအိုင်သည် ရေတံခွန်အသေးစားသဖွယ်ဖြစ်နေပြီး လှိုင်ထဲရေစီးကျသံ တဗျောဗျောကြားခြင်းကြောင့်ခေါ်ကြကြောင်း၊ ဂဲတစ်လုံးစို့အိုင်သည် ကျောက်နံရံနှစ်ခုကြား ကြီးမားသည့်ဂဲလုံးကြီးစို့နေပြီး ထိုကြီးမားသည့်ဂဲလုံးကြီးအောက် ရေအိုင် ရှိပြီးဂဲတစ်လုံးစို့အိုင်ဟုခေါ်ဆိုကြောင်း၊ လက်ငါးချောင်းအိုင်သည် ကျောက်နံရံတွင် လက်ငါး ချောင်းပုံထွက်နေခြင်း(ငါးကြင်းခန္ဓာကိုယ်)နှင့် တူခြင်းကြောင့် ခေါ်ဝေါ်ကြောင်းသိရပြီး၊ စကော ဝိုင်းအိုင်သည် သဘာဝအတိုင်း ဝိုင်းဝိုင်းစက်စက်ဖြစ်နေခြင်းကြောင့်စကော ဝိုင်းအိုင်ဟု ခေါ်ကြောင်းသိရသည်။ ထိုမှတဆင့် ပုပ္ပားတောင်မကြီးတောင်ဘက်ခြမ်း သဘာဝတောတွင်း စွန့်စား ခရီးစဉ်ကို ဟိုတယ်နှင့်ခရီး သွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ)မှသင်တန်းပို့ချထားသည့် ကျွမ်းကျင်လမ်းပြများနှင့် မိမိတို့သွားလိုသည့် ခရီးစဉ်ကိုလိုက်ပို့ကြမည်ဖြစ်သည်။
လျှိုမြောင်ခရီးစဉ်သွားလိုပါက လျှိုမြောင်အတိုင်း ထန်းလယ်ချောင်း၊ ထောင့်မုံးပင် အိုင့်၊ လက်တန်းပင်အိုင့်၊ ကြိုပင်လယ်ကျင်းအိုင့်၊ လက်တန်းပင်အိုင့်၊ လိပ်သည်းပင်အိုင့်၊ ငါးပေါအိုင့်၊ ဇရစ်ပွက်အိုင်၊ ပေါက်ပင်လယ်ကျင်းအိုင့်များအတိုင်း သဘာဝတောတောင်ရေမြေများ သဘာဝ အတိုင်းလေ့လာနိုင်မည်ဖြစ်သည်။ ပုပ္ပားတောင်မကြီးတောင်ဘက်ခြမ်းသည် သဘာဝအတိုင်း ကျန်ရှိနေသေးသည့် တစ်ခုတည်းသောသဘာဝပေါက်ပင်များပေါကြွယ်ဝစွာ ကျန်ရှိနေသေးသည့် ဧရိယာအလွန်ကျယ်သည့် သဘာဝတောကြီးဖြစ်နေသေးကာ ခရီးစဉ်ဒေသဖော်ဆောင်ခြင်းဖြင့် ဒေသခံများ အလုပ်အကိုင်အခွင့်အလမ်းရရှိပြီး သစ်တောပြုန်းတီးမှုလည်း ဖန်တီးပေးရာရောက် မည်ဖြစ်သည်။ သဘာဝရေထွက်များလေ့လာ လိုပါကလည်း ကြို့ချောင်းရေထွက်၊ ငဝစမ်းရေ ထွက်ကြီးများရှိနေသေးပြီး အဆိုပါရေထွက်ကြီးနှစ်ခုမှ ကျောက်ပန်းတောင်းမြို့ပေါ်နှင့် ဆည်ပေါက်စိုက်ပျိုးရေးခြံများသို့ ရေပေးဝေနေသည်ကိုလေ့လာနိုင်ကြောင်း၊ ရေထွက်ငယ်များ ဖြစ်သည့် ဩဇာတောရေထွက်၊ ဇရစ်ပွက် ရေထွက်နှင့် ငါးပေါအိုင့်ရေထွက်များကိုလည်း လေ့လာနိုင်မည်ဖြစ်သည်။ ပုပ္ပားတောင်မ ကြီးမှထွက်ရှိသည့် ရေထွက်များကို ဒေသခံများ လယ်ယာမြေလုပ်ကိုင်စားသောက်ခဲ့ရာမှ နှစ်ကာလကြာ သဘာဝဂေဟစနစ်များပျက်ယွင်းလာ ပြီး လယ်ယာမြေလုပ်ကိုင်မရတော့ သည့် ထန်းလယ်အိုင့်၊ ပေါက်ပင်အိုင့်၊ ထန်းလယ်ချောင်း၊ ကြို့ပင်လယ်ကျင်းများ လယ်ယာမြေလုပ်ကိုင်မရတော့သည်ကိုလည်းလေ့လာနိုင်မည်ဖြစ်သည်။
ပုပ္ပားတောင်မကြီးပတ်လည်တွင် သစ်ခွမျိုးစုံ အမျိုးပေါင်း ၅၀ကျော်ရှိနေသေးပြီး ဖယောင်း သစ်ခွ၊ မိုးလုံးမိုင်း၊စာကလေးဂေါင်းနီ၊ လိပ်ပြာသစ်ခွများသည် ဒေသမျိုးရင်းသစ်ခွများအဖြစ် နာမည်ကြီးကြောင်း၊ ရေထွက်များပတ်ဝန်းကျင်တွင်လည်း လိပ်ပြာမျိုးစိတ် များအလွန်ပေါ်များ သည့်အတွက် လေ့လာလိုသည့် မဟာတန်းသတ္တဗေဒကျောင်းသား ကျောင်းသူများနှင့်လေ့လာ လိုသူများအတွက် သွားရောက်သင့်သည့် ခရီးစဉ်ဒေသဖြစ်နေပြီး၊ ပုပ္ပားတောင်မကြီးထိပ်မှ မြောက်ဘက်အခြေ ချွန်းမခြောက်ကြီးထဲတွင် ပုပ္ပားမျိုးစိတ် သစ်မျောက်မြီးရှည်ကိုလည်း ပုပ္ပားတောင်မကြီး ဘေးမဲ့တောဥယျာဉ်မှခွင့်ပြုချက်ဖြင့် လေ့လာနိုင်မည်ဖြစ်သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်မှတဆင့် ကျောက်မျက်မော်ဘုရား၊ သဲပြင်တော ကျေးရွာရှိ ရွှေနတ်တောင်စေတီရှုခင်းကြည့်စေတီကုန်း၊ သက်စိုးတောင်ပေါ်ရှိကျောက်ရေကန်၊ ဇီးအို ကျေးရွာရှိ မန်ကျည်းကိုးခွနှင့်အင်ကြင်တော၊ ငါ့သရောက်မြို့၊ စက်စက်ယိုကျေးရွာမှ သျှောင်ပေ စူးကျေးရွာနှင့် ပလင်းကမ်းသာယာဆင်စခန်းတို့အပြင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပား တောင်မကြီးတောင်ဘက်ခြမ်းခရီးစဉ်ကိုလည်း ကိုဗစ်ကာလအလွန် ရပ်ရွာအခြေပြု သဘာဝ အခြေခံတောတွင်းခရီးစဉ်များကို သွားရောက်နိုင်မည်ဖြစ်ကြောင်း ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ပုဂံရုံးခွဲမှ ဦးမျိုးမင်းအောင်(လက်ထောက်ညွှန် ကြားရေးမှူး)ကရှင်းပြ၍ သိရကာ ပုပ္ပားတောင်မကြီးပတ်လည်တစ်ခုလုံး ခရီးစဉ်ပြဒေသခံများကိုလည်း သင်တန်းများ ပေးထားကြောင်း သိရသည်။
ကိုထိန်၊KPD