ပုဗ္ဗသီရိ စက်တင်ဘာ ၂၀
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် ရည်ရွယ်၍ ယနေ့ နံနက်ပိုင်းတွင် ဈေးများ၊ ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ပုဗ္ဗသီရမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန ဝန်ထမ်းများက အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ အသိပေးနှိုးဆော်ရာတွင် ပြည်သူများအနေဖြင့် လက်ရှိဖြစ်ပေါ်နေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရန်အတွက် အတတ်နိုင်ဆုံး အိမ်တွင်း၌သာနေထိုင်ကြရန်၊ ပြင်ပမှ ဧည့်သည်များ လက်မခံရန်နှင့် အခြားသူများထံ သွားရောက်ခြင်း မပြုရန်၊ အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) တပ်ဆင်ထားပါ၊ လူအများနှင့်ထိတွေ့ဆက်ဆံရပါက မျက်နှာ အကာ(Face Shield)ကို တွဲဖက်တပ်ဆင်ပါ၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ပါ၊ လူစုလူဝေးရှောင်ပါ၊ လက်ကိုစက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောပါ၊ အလုံပိတ်ခန်းများ အဲကွန်းခန်းများ လေဝင်လေထွက်မကောင်းသော အခန်းများသို့ သွားရောက်ခြင်းမှ အတတ်နိုင်ဆုံးရှောင်ကြဉ်ပါ၊ အိမ်အပြင်သို့ ထွက်လေ့ရှိသူများ အနေဖြင့် အိမ်ရှိအသက်(၆၀)နှစ်အထက် အသက်အရွယ်ကြီးရင့်သူ ဆီးချို/သွေးတိုး / နှလုံးစသည့် နာတာရှည်ရောဂါရှိသူများနှင့် အနီးကပ်နေထိုင်ခြင်း၊ အတူစားသောက်ခြင်းတို့မှ ရှောင်ကြဉ်ပါ၊ အပြင်ထွက်လျှင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ မတပ်ဆင်ခြင်းနှင့် ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြပါရန်၊ ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက် ပြန့်ပွားမှုကို အမြန်ကာကွယ်တားဆီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေး လုပ်ငန်းများကို မိဘပြည်သူများအားလုံးက ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက် ပေးကြပါရန် အသိပေးနှိုးဆော်ချက်များကို အသံချဲ့စက်ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင် များကိုဖြန့်ဝေခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)