မွန်ရိုးရာ ဆွမ်းတော်တစ်ထောင်တင် လှူပူဇော်ပွဲဓလေ့အား ယခုနှစ်၌ ကိုဗစ်စည်းကမ်းနှင့်အညီ အစဉ်အလာမပျက် အကျဉ်းချုံကျင်းပ

ပေါင် စက်တင်ဘာ ၂၀

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မွန်ရိုးရာဆွမ်းတော်တစ်ထောင်တင်လှူပူဇော်ပွဲဓလေ့အား ယခုနှစ်၌ ကိုဗစ်စည်းကမ်းသတ်ချက်များနှင့်အညီ အစဉ်အလာမပျက် အကျဉ်းချုံကျင်းပခဲ့ကြသည်။

 

မွန်ရိုးရာ ဆွမ်းတော်တစ်ထောင်တင်လှူပူဇော်ပွဲကို တော်သလင်းလပြည့်နေ့ရောက်တိုင်း မွန်လူမျိုးများ နေထိုင်ရာ ဒေသအသီးသီးတွင် မိမိတက်စွမ်းနိုင်သောအလှူဒါနအားဖြင့် သ‌င်္ဘောပုံစံငယ်ပြုလုပ်ပြီး ယင်းကုန်းပတ်ပေါ်တွင် တစ်ထောင်မကသော သစ်သီး၀လံမျိုးစုံကို တင်လှူပူဇော်သည့်ဓလေ့ ဖြစ်သည်။

 

ဓမ္မစေတီကျမ်းအရ ကောဇာသက္ကရာဇ် ၈၃၈ ခုနှစ်တွင် ဓမ္မစေတီမင်းက သီဟိုဌ် (သီရိလင်္ကာနိုင်ငံ)ရှိ ကလျာဏီသိမ်တွင် ရဟန်းအသစ်ခံယူရန်နှင့် ပိဋိကတ်ကြမ်းစာကို မွန်ဘာသာသို့ဘာသာပြန်ဆိုပြီး ပင့်ဆောင်စေရန် သံဃာတော်များကို ရာမဒူတသ‌င်္ဘောနှင့် စိတြဒူတသ‌င်္ဘော နှစ်စီးဖြင့် စေလွှတ်ပြီးနောက် အပြန်ခရီးတွင် ရာမဒူတ သ‌င်္ဘောမှာ အဆင်ပြေချောမွေ့စွာ ကမ်းဆိုက်ခဲ့သော်လည်း စိတြဒူတသ‌င်္ဘောက ပြန်မရောက်ခဲ့သဖြင့် မင်းဧကရာဇ်နှင့်ပြည်သူတို့က  ရတက်မအေးစိုးရိမ်ခဲ့ကြသည်။

 

ယင်းနောက် စိတြဒူတသ‌င်္ဘော အဆင်ပြေချောမွှေ့စွာ ပြန်ရောက်လာစေရန် ရည်ရွယ်၍ ယင်းပုံစံတူ သ‌င်္ဘောပြုလုပ်ကာ တော်သလင်းလပြည့်နေ့ မနက်အာရုံတက်ချိန်တွင် သ‌င်္ဘော ကုန်းပတ်ပေါ်တွင် တစ်ထောင်မကသော လှူဖွယ်ပစ္စည်းများ ထည့်ဝင်လှူဒါန်းပြီး ဗုဒ္ဓမြတ်စွာဘုရားကို အာရုံပြုကာ ကပ်လှူပူဇော် သီလခံယူတည်ဆောက်ကြပြီး ပင်လယ်သို့ မျှောချခဲ့ပြီးနောက် တော်သလင်း လဆုတ်နှစ်ရက်နေ့တွင် စိတြဒူတသ‌င်္ဘောမှာ ခရီးချောမွေ့စွာ ပြန်ရောက်ရှိလာခဲ့သည်ကို အကြောင်း ပြု၍ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

 

ယခင်က တော်သလင်းလပြည့်နေ့ နံနက်အာရုံတက်ချိန်တွင် သ‌င်္ဘောကုန်းပတ်ပေါ် တွင် ဆွမ်း၊ ဆီမီး၊ သစ်သီး၊ ပန်း၊ နံ့သာ၊ ကွမ်း၊ တံခွန်၊ ကုက္ကကား အစရှိသည်တို့ကို စုပေါင်းလောင်းလှူပြီး လှူဖွယ်အစုစုတွက် တရားသီလခံယူကြပြီးနောက် နီးစပ်ရာ မြစ်ချောင်း ပင်လယ်ထဲသို့ လွှတ်ချခဲ့ကြသော်လည်း ယခုနောက်ပိုင်းတွင် အချို့ဒေသများတွင် မြစ်ချောင်း ပင်လယ်ထဲသို့ လွှတ်ချခြင်းနည်းပါးလာက ယင်းလောင်းလှူဖွယ်ဝတ္တုအစုစုကို ပရိယတ္တိ စာသင်တိုက်များ၊ ပရဟိတကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် လိုအပ်သည့်နေရာများသို့ လှူဒါန်းပေးကြသည်။

 

မွန်တိုင်းရင်းသားတို့၏ ရိုးရာဓလေ့တစ်ခုဖြစ်သည့် ဆွမ်းတော်တစ်ထောင်တင်လှူပူဇော်ပွဲကို ရှေးယခင်က တော်သလင်းလပြည့်နေ့ နံနက်အာရုံတက်ချိန်တွင် တင်လှူပူဇော်ခဲ့ကြပြီး ယခုနောက်ပိုင်းတွင် တော်သလင်းလဆန်း ၁၄ ရက် (အဖိတ်နေ့)ညနေပိုင်းအချိန်မှစတင် တင်လှူ ပူဇော်ခဲ့ကြသည်။

 

ပေါင်(ပြန်/ဆက်)