ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအလိုက် ထပ်မံတိုးချဲ့ထိုးနှံခြင်း ဒုတိယနေ့ ဆက်လက်ဆောင်ရွက်

ပင်လောင်း   စက်တင်ဘာ   ၂၀

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအား ဦးတည်အုပ်စုများ ထပ်မံတိုးချဲ့၍ ပြည်သူလူထုများအား ထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်ဘက်စုံသုံးခန်းမတွင် ဒုတိယနေ့အဖြစ် ဆက်လက်ဆောင်ရွက်ခဲ့သည်။

မြို့နယ်အတွင်း ဦးတည်အုပ်စုများ ထပ်မံတိုးချဲ့၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး များကို ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်မှ ပထမအကြိမ် ထိုးနှံပေးမည့် အုပ်စုများတွင်ပါ၀င်သည့် အသက် ၅၅ နှစ်နှင့်အထက် ပြည်သူလူထုများ၊ မသန်စွမ်းသူများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများမှ တပ်ဖွဲ့၀င်များနှင့် မိသားစု၀င်များ၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူလူထုများ၊ နာတာရှည်နှင့် မကူးစက်နိုင်သော ရောဂါရှိသူများ၊ ယခင် ကာကွယ်ဆေး ထိုးနှံပေးရာတွင် အကြောင်း အမျိုးမျိုးကြောင့် ဆေးထိုးရန်ကျန်ရှိနေသူများအား စာရင်းကောက်ယူ၍ စနစ်တကျမှတ်တမ်း ရေးသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ၀န်ထမ်းများ၊ဌာနဆိုင်ရာများ၊ အဖြူရောင်လူငယ် ပရဟိတအဖွဲ့၀င်များက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး မြို့နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆရာ၀န်များနှင့် ကျန်းမာရေး၀န်ထမ်းများက ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထွန်းလင်း (ပင်လောင်း)