မာန်အောင် စက်တင်ဘာ ၂၀
ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် အသက် ၅၅ နှစ်အထက်ရှိသူများနှင့် ဦးစား ပေးအုပ်စုတွင် ပါ ဝင်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ဒုတိယနေ့အဖြစ် ထိုးနှံခြင်းကို ယနေ့ နံနက် ၁၀နာရီမှညနေ၃နာရီထိဆေးထိုးစုရပ်ဖြစ်သည့် မြို့နယ်ပြည့်သူ့ဆေးရုံနှင့် ကျေးလက်ကျန်းမာရေးဌာနတို့ ဖြစ်သည့် ကမား၊ ငပုန်ကုန်း၊ မီးလောင်ထောင့်၊ မျှော်တော်ဦး၊ ရဲကျွန်း၊ ဂန့်ကော်တော၊ မောင်းမကန်ကျေးလက် ကျန်းမာရေးဌာနတို့တွင် သတ်မှတ်နေရာများ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံရာတွင် အသက် ၅၅ နှစ်အထက်ရှိသူများ၊ ရဟန်း သံဃာ/သီလရှင်များ၊ မသန်စွမ်းသူများ၊ နာတာရှည်နှင့် မကူးစက်နိုင်ရောဂါရှိသူများနှင့် ရွှေ့ပြောင်းလူ အုပ်စုများ စသည့်ပြည်သူများကို သတ်မှတ်ဦးစားပေးအုပ်စုအဖြစ် ထိုးနှံပေးလျှက်ရှိပြီး ဆေးထိုးရန်လာ ရောက်ကြသည့် ပြည်သူများကို မီးသတ် တပ်ဖွဲ့ဝင်များမှ သတ်မှတ်နေရာများသို့ လိုက်ပါပို့ဆောင်ပေးခြင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ က စာရင်းမှတ်တမ်းရေးသွင်းကောက်ယူခြင်း၊ ကျန်းမာရေးဌာနမှ ဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးကာ ပုံမှန်အခြေအနေ ရှိသူများသာ ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိသည်။
မာန်အောင်မြို့နယ်၌ အဆိုပါ ကာကွယ်ဆေးကို စက်တင်ဘာလ ၁၉ရက်နေ့မှစတင်ကာထိုးနှံ ပေးလျက်ရှိရာ ယင်းနေ့တွင် ပြည်သူ (၁၆၉၀) ဦးတို့က လာရောက်ထိုးနှံခဲ့ပြီးယနေ့တွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
သိန်းဖေ(ပြန်/ဆက်)