ရသေ့တောင် စက်တင်ဘာ ၂၀
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ အသက်(၅၅)နှစ်အထက်ရှိသူများနှင့် ဉီးစားပေးသတ်မှတ်အုပ်စုများတွင် ပါဝင်သည့် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းအား စက်တင်ဘာ ၁၉ရက်နေ့ မှ စ၍ သတ်မှတ်စုရပ်များတွင် နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ထိုးနှံပေး လျက်ရှိသည်။
ထိုသို့ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးရာတွင် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထား သည့် စည်းကမ်းချက်များနှင့်အညီ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေး မထိုးမီ သွေးပေါင်ချိန်တိုင်းပေးခြင်း၊ ကိုယ်ပူချိန်တိုင်းခြင်း၊ အောက်ဆီဂျင် တိုင်းခြင်းစသည့် ကျန်းမာရေးစစ်ဆေးမှု လုပ်ငန်းများပြုလုပ်ပြီး ကာကွယ်ဆေး ထိုးနှံပြီးနောက်ပိုင်း မိနစ် ၃၀ ခန့်စောင့်ဆိုင်း နားနေပြီးမှ သွားရောက်ခွင့်ပြု ကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးခြင်းအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ် အတွင်း သတ်မှတ်စုရပ်များဖြစ်သည့် မြို့မစုရပ်၊ စေတီပြင် CFSI စင်တာ၊ လောင်းချောင်း RHC၊ ကူတောင် အထကနှင့် ဘာထလေ အထကတို့တွင် အသက်(၅၅) နှစ်အထက်ရှိသူများနှင့် ရဟန်းသံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များ၊ မသန်စွမ်းသူများ၊ နာတာရှည်ရောဂါခံစားနေရသူများ၊ အစိုးရ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိက စက်ရုံအလုပ်ရုံဝန်ထမ်းများ၊ ကုန်စုံဆိုင် စျေးသည်များ၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်းများ စသည့် ဦးစားပေး သတ်မှတ် အုပ်စုများတွင်ပါဝင်သည့် ဒေသခံပြည်သူ (၁၆၄၂)ဦး တို့အား ထိုးနှံပေးခဲ့ပြီး ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ကာကွယ် ဆေးထိုးနှံရန်လာရောက်ကြသည့် ပြည်သူများအား အဆင်ပြေ စေရေး အတွက် ဌာန ဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ စေတနာ့ ဝန်ထမ်းများက လိုအပ်သည် များကို ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်စံထွန်း (ပြန်/ဆက်)