ရောဂါကူးစက်ခြင်းခံရပြီး ကိုဗစ်ရောဂါကာကွယ်ဆေးကို ယုံကြည်ချက်အပြည့်ဖြင့် လာရောက် ထိုးနှံသည့် ပြည်သူများ၏ ရင်တွင်းစကားသံများ

စစ်တွေ စက်တင်ဘာ ၂၀

 

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်းရှိ ရဟန်းသံဃာများ၊ သာသနာ့နွယ်ဝင်မယ်သီလရှင်များ၊ အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများ၊ အသက်(၁၈)နှစ်နှင့်အထက် မသန်စွမ်းသူများ၊ နိုင်ငံ့ဝန် ထမ်းနှင့် မိသားစုဝင်များ၊ စေတနာ့ဝန်ထမ်း( Volunteers)များနှင့် ဦးတည်အုပ်စုတွင်ပါဝင်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို တတိယအကြိမ်အဖြစ်ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။

 

ထိုသို့ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာတွင် ကိုဗစ်ရောဂါ တတိယလှိုင်းဖြစ်ပွားချိန်၌ ရောဂါ ကူးစက်ခြင်းခံရပြီး ကိုဗစ်ရောဂါကာကွယ်ဆေးကို ယုံကြည်ချက်အပြည့်ဖြင့် လာရောက် ထိုးနှံသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် တာဝန်ထမ်း ဆောင်လျက်ရှိသော အသက် ၅၄ နှစ်အရွယ် နိုင်ငံ့ဝန်ထမ်းတစ်ဦးဖြစ်သူ ဦးစိုင်းလူဒင် က ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားခဲ့မှု၊ ဆေးရုံတက်ရောက် ကုသခဲ့မှုနှင့် ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံ ရန်လိုအပ်မှုတို့အပေါ်  အခုလိုပြောပြ ထားပါတယ်။

 

မေး။  ။ ဆရာနေနဲ့ ကိုဗစ်-၁၉ ရောဂါကို ဘယ်ကနေတစ်ဆင့်ကူးစက်ခံရပြီး  ဘယ်လိုဖြစ်ပွားခဲ့တယ် ဆိုတာကို သိပါရစေ ခင်ဗျာ။

 

ဖြေ။   ။ ဟုတ် ကျွန်တော်က ခရီးသွားလိုက်တာရှိတယ်ပေါ့နော့်၊ ပြင်ဦးလွင်သို့သွားလိုက်တယ်ပေါ့။ ဒီ စစ်တွေကို ပြန်ရောက်တော့ ကျွန်တော် တာဝန်ကျတယ်ပေါ့နော်၊ စစ်တွေလေဆိပ်မှာ တာဝန်ကျ တယ်ပေါ့၊ နှစ်ရက်လောက်ကျပြီးတော့ အိမ်မှာကျွန်တော်ရဲ့အမျိုးသမီးက စပြီးတော့ ဖျားတာပါ၊ အဲ့ဒီမှာ ကိုဗစ်လို့တော့ သံသယဖြစ်တယ်၊ နောက်တော့ ကျွန်တော်ပါ ထပ်ပြီးတော့ ဖျားလာတယ်၊ အိမ်မှာ သုံးရက်လောက်ဖျားတယ်၊ ဖျားပြီးမသက်သာဘူး အဲ့ဒီတော့ အောက်ဆီဂျင် တိုင်းကြည့် လိုက်တဲ့အခါ အောက်ဆီဂျင်ကျလာတာတယ်၊ တဖြေးဖြေးနဲ့ အောက်ဆီဂျင်က ၉၀၊ ၈၅ အထိကျလာတော့ ရင်ကျပ်တာတွေ မောလာတာတွေရှိတော့ ဆေးရုံကိုတက်မယ်လို့သွားတော့ ပြင်ပလူနာဌာနမှာ စမ်းသပ်လိုက်တယ်။ အဲ့ဒီမှာကိုဗစ်ပိုးတွေ့တယ်၊ ဒီလိုဆိုတော့ ချက်ချင်း ကျွန်တော့်ကို ဆေးရုံတင် လိုက်တာပါ၊ အဲ့ဒီမှာသတိမေ့မျောသွားပြီးတော့ ငါးရက်လောက် မျောနေတဲ့ အချိန်မှာ အောက်ဆီဂျင် လိုက်နိုင်တဲ့အတွက် ‌နောက်ဆယ်ရက်လောက်ကြာတဲ့အခါမှာ နည်းနည်း ထူထူထောင်ထောင်ဖြစ်လာတယ်၊ ရက် ၂၀ လောက်ကြာတဲ့အခါမှာ ကျွန်တော် ဆေးရုံက ဆင်းခွင့် ရခဲ့ပါတယ်၊  ဆေးရုံက ဆင်းတဲ့အခါမှာ ဆရာဝန်တွေက ပြောပြလိုက်ပါတယ်၊ ဒီကိုဗစ်ရောဂါရဲ့ သက်ရောက်မှုတွေကြောင့် မောပန်းမယ်၊ ချောင်းဆိုးမယ်၊ ဒူးဆစ်၊ လက်ဆစ်တွေကိုက်ခဲမယ်၊ ခေါင်းကိုက်တာတွေဖြစ်မယ်ပေါ့၊ အဲ့တာတွေ ဝင်လာမယ်၊ ဒါဘယ်မယ့် ဆရာဝန်ကတော့ မစိုးရိမ်ပါနဲ့ လို့ပြောပါတယ်၊ တစ်လခွဲနှစ်လ ခွဲကြာရင် ဒါတွေက လုံးဝကင်းစင်သွားမှာပါလို့ပြောပြလိုက်ပါတယ်၊

 

မေး။  ။ ဆေးရုံတက်ရောက်တဲ့အခါမှာ ဆရာဝန်ကြီးတွေ၊ သူနာပြုတွေအနေနဲ့ ဆရာတို့ ကိုဗစ်လူနာ တွေအပေါ်မှာ ဘယ်လောက်ထိ ကူညီစောင့်ရှောက်ပေးတာတွေရှိပါလဲဆရာ။

 

ဖြေ။   ။ အားလုံးကကူညီ စောင့်ရှောက်ကုသပေးကြပါတယ်၊ ဝန်ထမ်းအင်အားလိုအပ်ချက်လေး တော့ရှိတာပေါ့၊ ကုသရေးအပိုင်းမှာတော့ အဆင်ပြေပါတယ်၊ ကောင်းပါတယ်၊ လုံးဝပြောစရာမရှိပါဘူး၊ သန့်ရှင်းရေး အပိုင်းကတော့ နည်းနည်းလိုအပ်ပါတယ်၊ ကျွန်တော်ကိုဗစ်ဖြစ်တဲ့အချိန်ကဆို ကိုဗစ်ကူး စက်ခံရတဲ့ သူတွေလည်းများတော့ တစ်ရက်တစ်ရက်ကို တော်တော် ဆုံးပါးသွားတာတွေရှိတယ်၊ ကျွန်တော်ကလည်း သတိမရမျောနေတော့မသိလိုက်ဘူးပေါ့ ရတဲ့အချိန်မှာ ဘယ်ဘက်ကလူနာ ဆုံးသွားပြီ၊ ညာဘက်က လူနာဆုံးသွားပြီဒါမျိုးတွေရှိတာပေါ့၊

 

မေး။ ။ ဆရာ့အနေနဲ့ ကိုဗစ်ရောဂါဖြစ်ပြီးပြီ၊ ကျန်းမာရေးကလည်းကောင်းလာပြီ မိသားစုတွေနဲ့လည်း ပြန်လည်တွေ့ဆုံရပြီဆိုတော့ ဆရာ့ရဲ့ရင်ထဲကခံစားချက်လေး ခဏပြောပေးပါဆရာ။

 

ဖြေ။   ။ပျော်တာပေါ့၊ အခုဆို မိသားစုနွေးနွေးထွေးထွေးနဲ့ပြန်ဆုံခွင့်ရတော့ အတိုင်းမသိပါဘဲ၊ ကျွန်တော်က သေရွာပြန်ဘဲ၊ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ရန်ကုန်လိုဟာမျိုးဆိုရင် အောက်ဆီဂျင် ပြတ်တာနဲ့ကျွန်တော်သေမှာဘဲ၊ ကျွန်တော်ကတော့ ဘယ်လိုပြောမလဲ ဆေးရုံတက်လိုက်တာနဲ့ ငါတော့သွားပြီပေါ့နော်၊ အဆုံးထိကိုမျှော်လင့်ပြီးသား၊ ဒါမမျှော်လင့်ဘဲနဲ့ဒီအတိုင်းအတာမျိုး ဖြစ်လာ တာ၊ ဒီတစ်သက်နဲ့ ဒီတစ်ကိုယ် ဘယ်လိုရောဂါမျိုးလဲမခံစားဖူးဘူး၊ ဖြစ်လာတော့လည်းနှစ်ရက် သုံးရက်ဖျားနာပြီး ကောင်းသွားတာဘဲရှိတယ်၊ အခုတော့ တော်တော်လေးကို ခံစားလိုက်ရတာ၊ ကျွန်တော်တို့ခံစားရတာက ရောဂါအခံရှိလို့လည်း ခံစားရတာမှာ ပါတာပေါ့၊ ကျွန်တော်တို့က ရောဂါအခံဖြစ်တဲ့ လေးဘက်နာတို့ သွေးတိုးတို့နှလုံးတို့ရှိတော့ တော်တော်လည်းခံစားလိုက်ရတာပေါ့၊ ရောဂါအခံမရှိတဲ့ ခန္ဓာကိုယ်ခုခံအားကောင်းတဲ့ သူတွေကျတော့ သုံးလေးရက်နဲ့ ပျောက်သွားတဲ့ အတိုင်းအတာရှိတာပေါ့၊ ရောဂါအခံရှိတဲ့သူတွေကျတော့ ၅၀ ရာခိုင်နှုန်း၊ ၅၀ ရာခိုင်နှုန်းလောက်ဘဲ အသက်ရှင်ဖို့မြင်တယ်၊ ကျွန်တော်မြင်တာပေါ့နော၊ ကျွန်တော်သိလိုက်တာတော့ ကျွန်တော့အမျိုး သမီးက ဆရာဝန်ကပြောတယ်တဲ့ ၅၀။ ၅၀ ရာခိုင်နှုန်းဘဲတဲ့၊ ကျွန်တော့ အမျိုးသမီးတောင် မျက်ရည်နဲ့ မျက်ခွက်ပေါ့၊ ဒါဘယ်မယ့် ကုသမှုအပိုင်းကောင်းတဲ့အခါကျတော့ ကျွန်တော်ကတော့ ပြန်လည် ရှင်သန်ခွင့်ရလိုက်တယ်လို့ မြင်တာပေါ့။ ကျွန်တော်မှတ်မိသလောက်ပေါ့ စစ်တွေဆေးရုံကြီးက သမားတော်ကြီး ဒေါက်တာ မောင်မောင်သန်းနဲ့ ဆရာဝန်တွေပေါ့ တော်တော်ကြိုးစား ပြီးကုသ ပေးကြပါတယ်၊ သမားတော်ကြီးကတော့ ကျွန်တော့ရဲ့ ကျေးဇူးရှင်ကြီးပေါ့။

 

မေး။  ။ ဟုတ် ဆရာအနေနဲ့ ကိုဗစ်-၁၉ ရောဂါလည်းဖြစ်ပြီးပြီ အခုဆိုရင် ဆရာ့အနေနဲ့ ကာကွယ်ဆေး လည်းထိုးခွင့်ရပြီးပြီဆိုတော့ ကာကွယ်ဆေးထိုးထားတဲ့အပိုင်းမှာကော မိမိကိုယ်ကို ဘယ်လိုခံ ယူထား တာလေးတွေရှိပါလဲဆရာ၊ ပြောပြပေးပါ။

 

ဖြေ။   ။ ကျွန်တော်ပထမဆုံးရောဂါဖြစ်တော့ ကျွန်တော်က ပထမအကြိမ်၊ ဒုတိယအကြိမ်တုန်းက ကိုဗစ်ရောဂါကာကွယ်ဆေးကို မထိုးဘူးဗျ၊ မယုံဘူးဆိုပြီးတော့ နေတာပေါ့နော်၊ အခုဘယ်လိုဖြစ်လာလဲ ဆိုတော့ ကိုယ်ဆေးရုံတက်တဲ့အချိန်ကျမှ ကာကွယ်ဆေးထိုးထားတဲ့လူက တစ်မျိုး၊ ကာကွယ်ဆေး မထိုးထားတဲ့လူက တစ်မျိုးပေါ့၊ ကာကွယ်ဆေးထိုးထားတဲ့လူကျတော့ ငါးရက်ခြောက်ရက်နဲ့ကို သက်သာတယ်၊ မထိုးထားတဲ့လူကျတော့ ရက်ပေါင်း ၂၀ လောက်ကိုရောဂါပြင်းထန်မှုကို ကြိတ်မှိတ် ခံစားရတယ်၊ ကျွန်တော်မြင်တာမျိုးပြောတာပါ၊ ဒါကြောင့် ကာကွယ်ဆေးကို ထိုးကိုယ်ထိုးထား သင့်တယ်၊ အများပြည်သူတွေကိုလည်းချပြချင်ပါတယ်၊ ကာကွယ်ဆေးထိုးမှ ကိုယ့်အတွက် လုံခြုံမှုရှိပါမယ်၊ ဒီရောဂါနဲ့ပတ်သက်ပြီးတော့ ဒီကာကွယ်ဆေးထိုးမှ လုံခြုံမှုရှိမယ်ဆိုတာမျိုးကို ကျွန်တော်ကတော့မြင်ပါတယ်၊ ဒါကြောင့် ပြည်သူတွေအနေနဲ့လည်း ဒီကာကွယ်ဆေးကို ရတဲ့အချိန်မှာ ထိုးကြပါလို့ပြောချင်ပါတယ်။

 

ကိုဗစ်ရောဂါ ဒုတိယလှိုင်းတွင် ကိုဗစ်ရောဂါကူးစက်ခြင်းခံရပြီး ကိုဗစ်ရောဂါကာကွယ်ဆေးကို ယုံကြည် ချက်အပြည့်ဖြင့် လာရောက်ထိုးနှံသည့် စစ်တွေမြို့၊ မောလိပ်ရပ်ကွက်က ဦးဦးသာကျော် ကလည်း  ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခဲ့မှု ဆေးရုံတက်ရောက်ကုသခဲ့မှုနှင့် ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံရန်လိုအပ်မှုတို့ကို အခုလိုပြောပြထားပါတယ်။

 

မေး။  ။ ဦးလေးနေနဲ့ ကိုဗစ်-၁၉ ရောဂါကို ဘယ်ကလိုကူးစက်ခံရပြီး  ဘယ်လိုဖြစ်ပွားခဲ့တယ် ဆိုတာ ကို သိပါရစေခင်ဗျာ။

 

ဖြေ။   ။ ကျွန်တော့အမျိုးသမီးက ဝန်ထမ်းတစ်ဦးပါ၊ ပထမဆုံးကျွန်တော့အမျိုးသမီးက စဖျားတယ်၊ အဲ့ဒီတော့ ကိုဗစ်သွားစစ်တော့ ပိုးတွေ့တာပေါ့၊ အဲ့ဒီတော့ ဆေးရုံတက်ရောက်ကုသမှုခံရပါတယ်၊ ကျွန်တော်ကတော့ ဘာမှမဖြစ်ပါဘူး၊ ဒါပေမယ့် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ကျွန်တော့ကို အသွားအလာကန့်သတ်ထားတဲ့ စစ်တွေတက္ကသိုလ်(အဟောင်း) ပေါ့၊ အဲ့ဒီကိုသွားရမယ် ဆိုတော့ သွားနေရတယ်၊ အဲ့ဒီမှာသုံးရက်လောက်နေတော့ ကိုဗစ်စစ်တယ်၊ မတွေ့ဘူး၊ နောက်ငါးရက်လောက်နေတော့ ထပ်စစ်တဲ့အခါမှာ ကိုဗစ်ပိုးတွေ့တယ်၊ ဒါကြောင့်‌ ဆေးရုံတက်ရောက် ကုသမှုခံယူခဲ့ပါတယ်၊ ဆေးရုံတက်ရောက်ကုသတဲ့အခါမှာတော့ အနံ့မရတော့ နည်းနည်းဖြစ်ခဲ့တယ် ဘာမှာတော့ထူးထူးဆန်းဆန်းခံစားခဲ့ရတာတော့ မရှိခဲ့ပါဘူး။

 

မေး။  ။ ဦးလေးအနေနဲ့ ကိုဗစ်ရောဂါကူးစက်ခံရတော့ ဘယ်လိုခံစားမှုတွေဖြစ်ခဲ့ပါလဲ ဆရာဝန်တွေရဲ့ ကုသမှုအပိုင်းကကော ဘယ်လိုရှိလဲ ပြောပြပေးပါလား။

 

ဖြေ။   ။ ကိုဗစ်ကူးစက်ခံရပြီဆိုတော့ နည်းနည်းလောက်စိတ်လှုပ်ရှားမှုတော့ဖြစ်တာပေါ့၊ အဲ့တော့ သွေးနည်းနည်းတိုးသွားတယ်၊ နောက်ဘာမှမဖြစ်ပါဘူး၊ အဲ့တာကိုလည်း ကိုယ့်ဟာကိုယ် တရားနဲ့ဖြေလိုက်တာပေါ့၊ ဆရာဝန်တွေကလည်း သွေးကျဆေးတွေပေးတယ်၊ လိုအပ်တာကို ကူညီဖြည့်ဆည်းပေးကြတယ်၊ အဲ့ဒီတုန်းကလည်း ကိုဗစ်က ကူးစက်ခံရတယ်၊ ပိုးတွေ့တယ်ဆိုလို့သာ ဆေးရုံကိုတက်ရောက်ကုသကြတာပါ၊ ပိုးတွေ့တဲ့လူတွေ အကုန်လုံးက ကျန်းမာရေးကောင်းကြပါတယ်၊ သွေးတိုးတဲ့လူတွေလောက်ဘဲရှိတယ်ဆိုတော့ ဆရာဝန်ပေးတဲ့ ဆေးတွေသောက်လိုက်နဲ့ အားလုံးအဆင်ပြေပါတယ်။

 

မေး။  ။ ဟုတ် ဦးလေးအနေနဲ့ ကိုဗစ်-၁၉ ရောဂါလည်းဖြစ်ပြီးပြီ အခုဆိုရင် ဦးလေးအနေနဲ့ ကာကွယ်ဆေး လည်းထိုးခွင့်ရပြီးပြီဆိုတော့ ကာကွယ်ဆေးထိုးထားတဲ့အပိုင်းမှာကော ဦးလေးရဲ့ ခန္ဓာကိုယ် ကျန်းမာရေးအတွက် ဘယ်လိုယုံကြည်မှုတွေ ရှိလာပြီလဲခင်ဗျာ၊ ပြောပြပေးပါ။

 

ဖြေ။   ။  ဘယ်လိုယုံကြည်မှုတွေရှိလာပြီလဲဆိုတော့ ဒီဆေးက မထိုးလို့မရတော့ဘူး၊ ပထမအကြိမ်ဆေးထိုးတော့ ကျွန်တော်တို့ကို လာခေါ်ပါသေးတယ်၊ မထိုးဖြစ်လိုက်ဘူးပေါ့၊ ဆေးထိုးလိုက်ရင် ဖျားမလား၊ ဘာဖြစ်လာမလဲမသိဘူးပေါ့၊ ကိုယ့်ဟာကိုယ် စိုးရိမ်စိတ်တွေဖြစ်ခဲ့တယ်၊ အခုတော့ စိုးရိမ်စိတ်မရှိတော့ဘူးပေါ့၊ လူတွေကလည်းထိုးနေကြပြီ၊ လူတိုင်းလည်းထိုသင့်တယ်၊ မိသားစုတွေကိုလည်း ထိုးဖို့ပြောထားတယ်၊ ဆေးထိုးထားတဲ့အတွက်လည်း ကိုယ့်ကိုကိုယ် စိတ်အေးရတာပေါ့၊ ဒီဆေးကို အချိန်တစ်ခုပေးပြီးတော့ လာရောက်ထိုးနှံကြပါ၊ ဆေးထိုးပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တာဝန်ရှိတဲ့လူတွေကိုလည်းကျေးဇူးတင်ပါတယ်၊ နိုင်ငံတော်အစိုးရကို လည်း ဒီဆေးကိုဘာမှ ကုန်ကျမှုမရှိဘဲ ထိုးခွင့်ရအောင် ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် လို့ပြောချင်ပါတယ်။ ကမ္ဘာသူ၊ ကမ္ဘာသားများလည်း ဒီကပ်ဘေးက ကင်းဝေးကြပါစေလို ဆုတောင်းပေးလိုက်ပါတယ်။

 

တွေ့ဆုံမေးမြန်း- တင်ထွန်း(ပြန်/ဆက်)

ဓာတ်ပုံ- ကံထွန်း(ဟံတာမြေ)