တိုက်ကြီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပညာနှိုးဆော်

တိုက်ကြီး  စက်တင်ဘာ  ၂၀

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ အသက် ၅၅ နှစ်နှင့်အထက် ပြည်သူများ ကို​ဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံနိုင်ရေး နှင့် (ပထမအကြိမ်) ထိုးနှံပြီးသူ မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထပ်မံထိုးနှံနိုင်ရေးတို့ကို အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းကို ယမန်နေ့ ညပိုင်းအချိန်က မြို့နယ်အတွင်း မော်တော်ယာဉ်ဖြင့် လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

အဆိုပါ အသိပညာပေးနှိုးဆော်ချက်တွင် ရန်ကုန်မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်းရှိ မိဘပြည်သူများအား ကို​ဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံခြင်းလုပ်ငန်းကို စက်တင်ဘာ လ ၁၇  ရက်နေ့မှ စ၍ အသက် ၅၅ နှစ်နှင့်အထက် ပြည်သူ များအား လည်းကောင်း၊ (ပထမအကြိမ်) ကာကွယ်ဆေးထိုးနှံပြီးသူများအား (ဒုတိယအကြိမ်) ထိုးနှံခြင်းကို ဩဂုတ်လ ၃၀ ရက်နေ့မှ စ၍ သတ်မှတ်ရက်များအလိုက်  နေ့စဉ် နံနက် ၉ နာရီတိတိ အချိန်၌ တိုက်ကြီးမြို့မ(အ.ထ.က)ကျောင်းတွင်  ဉီးစားပေး ဉီးတည်အုပ်စုအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ကာကွယ်ဆေးထိုးနှံသူ မိဘပြည်သူများအနေဖြင့် မိမိတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြား နှင့် အိမ်ထောင်စုဇယားများ၊ သက်သေခံအထောက်အထားများ၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးသူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးမှတ်တမ်းကတ်ပြားများကို တစ်ပါတည်း ယူဆောင်လာ၍ ကာကွယ်ဆေးများကို မပျက်မကွက် လာရောက်ထိုးနှံကြပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း အသိပေး နှိုးဆော်ထားပါသည်။

တိုက်ကြီးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ ပူးပေါင်းကာ အရှိန်အဟုန်မပျက်ဆောင်ရွက်လျက် ရှိကြောင်းသိရပါသည်။

စန်းကလျာခိုင်