မိုင်းယောင်းတွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၀ ဦး ဆေးရုံဆင်းခွင့်ရသဖြင့် ဆေးရုံဆင်းသူပေါင်း ၂၄၉ ဦးအထိရှိလာ

မိုင်းယောင်း စက်တင်ဘာ ၂၀

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၁၀ ဦးအား ကျန်းမာရေးပြန်လည်ကောင်းမွန်လာသဖြင့် ဆေးရုံဆင်းခွင့်ပြုခဲ့ရာ ယခုအခါ ဆေးရုံဆင်းသူပေါင်း ၂၄၉ ဦးအထိ ရှိလာကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မိုင်းယောင်းမြို့နယ်တွင် ဇူလိုင် ၅ ရက်မှ ယမန်နေ့အထိ အတည်ပြုလူနာ ၃၂၇ ဦး၊ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာ၍ ဆေးရုံဆင်းခွင့်ရသူ ၂၄၉ ဦး၊ နှစ်ဦးသေဆုံးပြီး လက်ရှိတွင် အတည်ပြုလူနာ ၈၆ ဦး ကျန်ရှိကြောင်း သိရသည်။

မြို့မိမြို့ဖများ၊ ရပ်ကွက် စီမံအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအဖွဲ့အစည်းများ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး ညှိနှိုင်းသဘောတူညီချက်ဖြင့် စက်တင်ဘာ ၁၈ ရက်မှ ၂၈ ရက်အထိ မြို့ပေါ်ရပ်ကွက်များကို Lockdown ချခဲ့ရာ ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ လျော့နည်းကျဆင်းလာလျက်ရှိပြီး ယမန်နေ့က ရောဂါကူးစက်ခံရသူ မရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)