ကမမောင်း စက်တင်ဘာ ၂၀
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့အတွင်းရှိ ပြည်သူများနှင့် ဖာပွန်မြို့နယ် မထောကျေးရွာနှင့် ကူးဆိပ်ကျေးရွာများမှ စစ်ဘေးရှောင် လာကြသော ရွာသူ၊ ရွာသားများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ သိရှိနိုင်ရန်အတွက် RDT Test kit ဖြင့် စစ်ဆေးပေးခြင်း လုပ်ငန်းကို ကျန်းမာရေးဝမ်ထမ်းများ၊ ကမမောင်းမြို့ ကြက်ခြေနီ အဖွဲ့ခွဲငယ်နှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့ညနေအထိ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့ အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ RDT Test kit ဖြင့် အခမဲ့ကွင်းဆင်းစစ်ဆေးပေးခြင်း လုပ်ငန်းကို မြို့ပေါ် ရပ်ကွက်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာအတွေ့များသည့် ရပ်ကွက်နှင့် လမ်းများတွင် နေထိုင်ကြသော ပြည်သူများ၊ ဖာပွန်မြို့နယ် မထောကျေးရွာနှင့် ကူးဆိပ်ကျေးရွာများမှ ကမမောင်းမြို့ သီရိဓမ္မတောရကျောင်း၊ ဆွေမြတ်မျိုးကြွယ် ဘုန်းတော်ကြီး ကျောင်းရှိ မြိုင်ကြီးငူစစ် ဘေးရှောင်စခန်းမှ တိုင်းရင်းသားပြည်သူများ၊ အခြေခံပညာ အလယ်တန်းကျောင်း (အုန်းတော) ၌ လာရောက်၍ စစ်ဘေးရှောင်နေကြရသော ပြည်သူစုစုပေါင်း (၃၉၁) ဦးကို စစ်ဆေးပေးခဲ့ရာ ပြည်သူ (၁၂) ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ပိုးတွေ ့အတည်ပြုလူနာများအား ကိုဗစ်စင်တာ (အ.ထ.က) တွင် သီးသန့်ထားရှိ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးထားပြီး Quarantine နေထိုင်ကြရ မည့် စုစုပေါင်း(၁၁)ရက်အတွင်း နံနက်စာ၊ နေ့လယ်စာ၊ ညစာနှင့် သောက်သုံးရန် ရေသန့်ဘူးများကို မြို့အတွင်းရှိ စေတနာရှင် ပြည်သူများနှင့် ပြည်ပရောက် စေတနာရှင်ပြည်သူများက လှူဒါန်းပေးလျက်ရှိကြောင်း မြို့အုပ် ချုပ်ရေးမှူး ဦးသန်းကျော်သူက ရှင်းပြသည်။
လင်းသန့်