မာန်အောင်မြို့နယ်၌ အသက်(၅၅)နှစ်နှင့် အထက်ပြည်သူများနှင့် ဦးတည်အုပ်စုများအား (ပထမအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံ

မာန်အောင် စက်တင်ဘာ ၂၀

 

ရခိုင်ပြည်နယ်၊ မာန်အောင်မြို့နယ်တွင် အသက်(၅၅)နှစ်မှ (၆၄)နှစ်အတွင်းရှိ သူများ၊ နာတာရှည်နှင့် မကူးစက်ရောဂါရှိသူများ၊ မသန်စွမ်းသူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပထမအကြိမ်ထိုးနှံပြီး (ဒုတိယအကြိမ်) ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့်(၆၅) နှစ် ထက်ဘိုးဘွားများအား မြို့ပေါ် ရပ်ကွက် ဆေးထိုးစုရပ်ဖြစ်သည့် မြို့နယ် ပြည်သူ့ဆေးရုံနေရာနှင့် ကျေးလက်ကျန်းမာရေးဌာနများဖြစ်သော ကျောက်တန်း၊ သာယာကုန်း၊ ညောင်ပင်လှ၊ သစ်ပုံ၊ ကမား၊ ဂန့်ကော်တော ကျေးလက်ကျန်းမာရေးဌာတို့တွင် ယမန်နေ့ နံနက် ၁၀နာရီမှ ညနေ၄နာရီထိ စတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးထိုးရန် လာရောက် သူများအား လူစုလူဝေးမဖြစ်ပေါ်စေရန် သတ်မှတ်နေရာများ ထားရှိပြီး မြို့နယ်အ ထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများက အမည်စာရင်း ကောက်ယူပေးခြင်း၊ ကျန်းမာရေး ဝန်ထမ်းများက ကိုယ်အပူချိန်၊ သွေးပေါင်ချိန်နှင့် သွေးတွင်းအောက်ဆီဂျင်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးပြီး၊ သတ်မှတ် ကျန်းမာရေးနှင့်ညီညွတ်မှာသာကာကွယ်ဆေးထိုးနှံပေးခြင်းဖြစ်ပြီး ဆေးထိုးပြီးပါက မိနစ်(၃၀)ခန့် စောင့်ကြပ် ကြည့်ရှုခြင်းများ ဆောင်ရွက်၍ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။

 

ကာကွယ်ဆေး ထိုးနှံရာနေရာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဗိုလ်မှူးသူရိန်စိုးနှင့် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာစောမင်းတို့က ဆေးထိုးနံရန်လာရောက်သူများအား လှည့်လည်ကြည့်ရှုအားပေးစကားပြောကြားခဲ့သည်။

 

မာန်အောင်မြို့နယ်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm)အမျိုးအစား(၇၆၆)လုံး ရရှိထားပြီး ယခင်ဆေးလက်ကျန် (၁၈)လုံး အပါအဝင် ဆေးစုစုပေါင်း (၇၈၄)လုံးကို ဆေးတစ်လုံး(၅)ဦးနှုန်းဖြင့် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

သိန်းဖေ(ပြန်/ဆက်)