ညောင်ဦးခရိုင် ငါ့သရောက်မြို့ တပြားဆည်အတွင်း မိုးရေဝင်ရောက်မှုကောင်းပြီး စိုက်ပျိုးရေနှင့် သောက်သုံးရေ ဖူလုံနိုင်သဖြင့် ဒေသခံပြည်သူများ ဝမ်းသာလျက်ရှိ

ငါ့သရောက်၊ စက်တင်ဘာ ၂၀

 

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် စက်တင်ဘာ(၁၅)ရက်နေ့က မိုးသည်း ထန်စွာရွာသွန်းခဲ့ပြီး၊ စိုက်ပျိုးရေနှင့် သောက်သုံးရေအတွက် အဓိကထားမှီခိုနေရသည့် တပြားဆည် အတွင်း ရေဝင်ကောင်း ခဲ့သဖြင့် ဒေသခံ ပြည်သူများ ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်းသိရသည်။

 

အဆိုပါ တပြားဆည်သည် ငါ့သရောက်မြို့ အမှတ်(၂) ပျဉ်းပင်ရပ်ကွက်တွင်တည်ရှိပြီး၊ ပန်းမျိုးစုံ စိုက်ပျိုး ရောင်းချသူများ၊ ဟင်းသီး ဟင်းရွက်စိုက်ပျိုးရောင်းချသူများနှင့် စပါးစိုက်တောင်သူများ စိုက်ပျိုးရေနှင့် သောက်သုံးရေအတွက်ပါ မှီခိုအား ထားရသည့် ဆည်ဖြစ်ကြောင်းနှင့် ယခုလိုရေအဝင်ကောင်းပြီး ရေပြည့်လျှံခဲ့သဖြင့်  စိုက်ပျိုးရေ သာမက သောက်သုံးရေ အတွက်ပါ ဆောင်း ရာသီနှင့်နွေရာသီအထိ လုံလောက်စွာ သုံးစွဲနိုင်မည်ဖြစ်သဖြင့် ဒေသခံပြည်သူများအနေဖြင့်ဝမ်းမြောက် ဝမ်းသာဖြစ် လျက်ရှိ ကြကြောင်း သိရသည်။ “ အရင်နှစ်တွေက မိုးရွာသွန်းမှုနည်းခဲ့တဲ့အတွက် တပြားဆည်လည်း ရေအဝင် နည်းခဲ့တယ်ဗျ… ဆည်ရေ မဝင်တော့ ကျွန်တော်တို့ အမှတ်(၂) ပျဉ်းပင်ရပ်ကွက် နဲ့အနီးဝန်းကျင်ရွာတွေက စိုက်ပျိုးရေးအ တွက် ရေတော်တော်ခက်ခဲ ခဲ့ကြတယ် စိုက်ပျိုးရေတင်မဟုတ်ပါဘူးဗျာ သောက်သုံးရေပါ ခက်ခဲခဲ့ကြ တာပါ ဒီနှစ်တော့ မိုးကောင်းလို့ ဆည်က ရေအဝင် ကောင်းခဲ့တော့ လာမဲ့ဆောင်းရော နွေရောစိုက်ပျိုး ရေနဲ့သောက်သုံးရေအတွက် ပူစရာမလိုတော့ဘူးပေါ့ဗျာ အဲ့ဒါကြောင့်လည်း ဝမ်းသာနေကြရ တာပါ ” အမှတ်(၂) ပျဉ်းပင်ရပ်ကွက်နေ ဦးနေအောင်က ပြောပါသည်။

 

အေးအေးမိုး(ငါ့သရောက်)