မိုင်းကိုင် စက်တင်ဘာ ၂၀
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ်အတွင်း စက်တင်ဘာလ (၁၈) ရက် မနက် ၉ နာရီမှ စတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Sinopharm များကို မြို့တွင်း၌ ဆေးထိုးစုရပ်သုံးခု၊ ဝမ်ဖွီးကျေးရွာအုပ်စု၌ ဆေးထိုးစုရပ် တစ်ခုတို့ဖြင့် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးနှံနေမှုများနှင့် ပတ်သက်၍ လိုအပ်ချက်များမရှိစေရေး၊ ဆေးထိုးနှံမှုစာရင်းဇယားများ မှန်ကန်စွာဖြည့်သွင်း မှတ်တမ်းတင်နိုင်ရေး၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဦးနှင့် အဖွဲ့ဝင်များက ဆေးထိုးစုရပ်များသို့ ကွင်းဆင်း၍ ကြည့်ရှုစစ်ဆေးမှုများ ဆောင်ရွက်ခဲ့သည်။
ယခုရောက်ရှိလာသော ကာကွယ်ဆေးအရေအတွက်အရ မိုင်းကိုင်မြို့နယ်အတွင်း သတ်မှတ်အမျိုးအစား အုပ်စု ၁၆ ခု စာရင်းဝင် လူဦးရေပေါင်း ၃၀၃၅ ဦးကို ပထမအကြိမ်အဖြစ် ထိုးနှံပေးသွားမည်ဖြစ်ပြီး ယမန်နေ့ နေ့လည်ပိုင်းအချိန်အထိ ကာကွယ်ဆေးထိုးစုရပ် ၄ နေရာ၌ လူဦးရေပေါင်း ၅၉၀ ဦးကို ထိုးနှံပေးနိုင်ခဲ့ပြီး ကျန်ရှိကာကွယ်ဆေး အရေအတွက်အပေါ်မူတည်၍ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအတွင်း မိဘပြည်သူများကို ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည့်ဖြို့မောင်(မိုင်းကိုင်)