မိုးညှင်း စက်တင်ဘာ ၂၀
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်း အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးတည်အုပ်စုများအား ဒုတိယအသုတ်အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးခြင်းကို စက်တင်ဘာ(၁၈)ရက်နေ့ နံနက်ပိုင်းမှစတင်ကာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးထိုးနှံပေးရာတွင် သံဃာတော်/ သီလရှင်များ၊ အသက်(၅၅)နှစ်နှင့် အထက် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများ၊ မသန်စွမ်းသူများ၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ ပြည်သူများ၊ နာတာရှည်ရောဂါရှိများနှင့် စေတနာ့ဝန်ထမ်းများစသည် ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို အဆင့်ဆင့်ထိုးနှံပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကာကွယ်ဆေး လာရောက်ထိုးနှံသူများအား ကာကွယ်ဆေးမထိုးနှံမီ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်တိုင်းခြင်း၊ ကျန်းမာရေးရာဇဝင်များ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ကာကွယ်ဆေးကို စနစ်တကျ ထိုးနှံပေးလျက်ရှိရာ အဆိုပါကာကွယ်ဆေး ထိုးနှံပေးခြင်းကို မိုးညှင်းမြို့ကုတင်(၁၀၀)ဆံ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ဆောင်ရွက်ပေးခြင်းဖြစ်သည်။
ထိုကာကွယ်ဆေးအမည်မှာ Sinopharm ဆေးဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံရာတွင် သံဃာတော်/ သီလရှင်(၄)ပါး၊ အသက်(၅၅)နှစ်နှင့် အထက်ပြည်သူ(၄၅၈)ဦး၊ ဌာနဆိုင်ရာဝန်ထမ်း(၁၀)ဦး၊ မသန်စွမ်းသူ(၃)ဦး၊ ရွှေ့ပြောင်းလူအုပ်စုများနှင့် ယာယီစခန်းများမှ(၂)ဦး၊ နာတာရှည်ရောဂါရှိသူ (၁၇)ဦးနှင့် စေတနာ့ဝန်ထမ်း(၁)ဦး စုစုပေါင်း (၄၉၅)ဦး စသည်တို့ကို အသီးသီးထိုးနှံပေးခဲ့ပြီး အဆိုပါကာကွယ်ဆေး ထိုးနှံပြီးသူများကို ဒုတိယအကြိမ်အနေဖြင့် အောက်တိုဘာ (၁၆)ရက်နေ့တွင် ဆက်လျက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇွဲသူရအောင်