မိုးကောင်းမြို့၌ ရှေးဦးပြုစုခြင်းအခြေခံပညာသင်တန်း ဒုတိယအသုတ် ဆက်လက်သင်ကြားပေး

မိုးကောင်း  စက်တင်ဘာ  ၂၀

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှကြီးမှူးသင်ကြားပေးသော ရှေးဦးပြုစုခြင်း အခြေခံပညာ သင်တန်း (Basic First Aid Training)ကို ယမန်နေ့ နံနက် ၉ နာရီတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကိုဗစ်-၁၉ စည်းကမ်းချက် များနှင့်အညီ ဒုတိယအသုတ် ဆက်လက်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ ရှေးဦးပြုစုခြင်းအခြေခံ သဘောတရား၊ လူနာဆန်းစစ်ခြင်း၊ စိတ်ပိုင်းဆိုင်ရာရှေးဦးပြုစုခြင်း၊ အခြေခံအသက်ကယ် အထောက်အကူပြုနည်း၊ ကိုဗစ်ကပ်ရောဂါနှင့် ဆက်စပ်သောရှေးဦးပြု စုခြင်း၊ ကိုဗစ်ကာလအခြေခံသက်ကယ်နည်းအဆင့်ဆင့်၊ Mine Rise Education-MRE မိုင်းအန္တရာယ်အသိပညာပေး၊ အရိုးကျိုး၊ အဆစ်လွဲ၊ ကြွက်သားနှင့်ရိုးဆက်ကြောဒဏ်ရာ ပတ်တီးစည်းနည်း၊ ရှေးဦးပြုစုမည့် သူလိုက်နာရမည့် စည်းကမ်းချက်များသင်ကြား ပို့ချလျက်ရှိကြောင်း သိရသည်။

“ထိခိုက်ဒဏ်ရာတွေကိုကယ်တင်နိုင်မယ့် ရှေးဦးပြုစုခြင်းပညာရပ်တွေကို လူတိုင်းမဖြစ်မနေ တတ်စေရန်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပို့ချသင်ကြားနေခြင်းဖြစ်ပါတယ်။” ဟု မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူး ဒေါ်ဆွေမာသင်းက ပြောကြားသည်။

သင်တန်းကို မိုးကောင်းမြို့နယ် ကိုဗစ်ပိုးတွေ့ Centre တွင် လုပ်ကိုင်နေကြသောစေတနာ့ ဝန်ထမ်းအမျိုးသား ၆ ဦး၊ အမျိုးသမီး ၉ ဦးစုစုပေါင်း ၁၅ ဦးတက်ရောက်သင်ယူနေပြီး ပထမအသုတ်အနေဖြင့် စက်တင်ဘာ ၁၆ ရက်မှ ၁၈ ရက်ထိ ပို့ချသင်ကြားခဲ့ပြီး ဖြစ်ကြောင်းသိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)