သပိတ်ကျင်းမြို့နယ်တွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများ ကျေးရွာ လူနေအိမ်များဝင်ရောက်ပြီး လမ်းများ ပျက်စီး

 

သပိတ်ကျင်း၊  စက်တင်ဘာ ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် စက်တင်ဘာလ ယမန်နေ့ (၀၂:၀၀)နာရီခန့်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေများ စီးဆင်းကာ တွင်းငယ်ကျေးရွာအုပ်စု၊ ပေါက်တပင်ကျေးရွာ အုပ်စု၊ ဝါးရုံကုန်း ကျေးရွာအုပ်စုနှင့် ကျောက်ဖျာကျေးရွာအုပ်စုများတွင် လူနေအိမ်များအတွင်းသို့ တောင်ကျရေများ ဝင်ရောက် ခဲ့ခြင်း၊ မန္တလေး-တကောင်း- ဗန်းမော်ကာလမ်းမပေါ်သို့ တောင်ကျရေများ စီးဆင်းခဲ့ခြင်းကြောင့် လမ်းပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး တောင်ကျရေစီးဆင်းမှုကြောင့် မန္တလေး-တကောင်း- ဗန်းမော် ကားလမ်းမ မိုင်တိုင်အမှတ် ၂၁/၅ မှ ၂၈/၅ အထိ ရေအနက် (၁)ပေခွဲခန့် ကျော်တက်လျှက် ရှိပြီး မိုင်တိုင်အမှတ် ၂၈/၂နှင့် ၂၈/၅အကြား ကတ္တရာလမ်း ၀/၁ဖာလုံခွဲခန့် ပျက်စီးခြင်း၊ ပေါက်တပင်ကျေးရွာ အထက စာသင်ကျောင်း အုတ်တံတိုင်း ၆ပေ× ၅ပေ အခန်း (၄၀)ခန်း ပြိုကျပျက်စီးခြင်း၊ ကျောက်ဖျာကျေးရွာ ရွာတွင်းကျောက်ချောလမ်း ၈၄၀ပေ×၁၂ပေ× ၆လက်မ ပျက်စီးခြင်း၊ ကျောက်အိုးကျေးရွာရှိ စက်တပ်လှေ (၅)စီးတောင်ကျရေနှင့်အတူ မျှောပါသွားခြင်း၊ တွင်းငယ်ကျေးရွာ  ၁၈၀ပေ× ၁၄ပေ×၉ပေ တွင်ငယ်- ကျော်ဖျာ ကျေးရွာခြင်းဆက် ချောင်းကူးတံတား နိမ့်ကျမှုဖြစ်ပွားခြင်း၊ ဒေါင်းပုန်းကျေးရွာ ကျေးရွာတွင်းချောင်းကူးတံတား ၁၈၀ပေ×၁၄ပေ×၉ပေ ပျက်စီးခြင်း၊ ဝါးရုံကုန်းကျေးရွာ အထက(ခွဲ) စာသင်ကျောင်း အုတ်တံတိုင်း ၆ပေ× ၄ပေ (၅၂)ခန်း ပြိုကျပျက်စီးခြင်းနှင့် ကျောင်းအဝင်ပေါက် သံတံခါး တောင်ကျရေနှင့်အတူ မျှောပါသွားခြင်း၊ ဝါးရုံကုန်းကျေးရွာ ဃောသိတာရုံဘုန်းတော်ကြီးကျောင်းရှိ အုတ်တံတိုင်း ၆ပေ× ၅ပေ (၁၁)ခန်း ပြိုကျပျက်စီးခြင်း၊ ဝါးရုံကုန်းကျေးရွာအဝင်(၁)လမ်း ၁၂ပေအကျယ် ၁မိုင်ဂျင်းမြေခင်းလမ်း ပျက်စီးခြင်း၊ ကျေးရွာအဝင် (၂)လမ်း ၇၀၀ပေ×၁၂ပေ×၆လက်မ မြေသားလမ်း ပျက်စီးခြင်း များ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးသည်းထန်စွာရွာသွန်းကာ တောင်ကျရေစီးဆင်းမှုကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ ရာသို့ မြို့နယ် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှု အဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်နှင့် အဖွဲ့ဝင် များ သွားရောက်ကွင်းဆင်းစစ်ဆေးကြည့်ရှု ခဲ့ပြီး တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ပရဟိတအဖွဲ့များမှ  မန္တလေး- တကောင်း -ဗန်းမော် ကာလမ်း ခရီးသွားပြည်သူများ အန္တရာယ်ကင်းစွာ သွားလာနိုင်ရေးနှင့် ကျေးရွာများအရောက် ကူညီ ကယ်ဆယ်ရေများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။

 စိုးနိုင်ဝင်း