ရန်ကုန် စက်တင်ဘာ ၁၉
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (sinofarm ၊ sinovac) ထိုးနှံပေးလျက်ရှိရာ (၂၁.၉.၂၀၂၁) ရက်နေ့မှ (၂၅.၉.၂၀၂၁) ရက်နေ့အထိ ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများက အင်းစိန်မြို့နယ် စက်မှုဇုန် စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်ကွင်းဆင်းပြီး အလုပ်သမားများကို ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးသူ အလုပ်သမား (၃၆၁၀) ဦးအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ပြီး ကာကွယ်ဆေး မထိုးနှံရသေးသူ အလုပ်သမား (၈၆၀၁) ဦးတို့အား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့နှင့် တာဝန်ရှိသူများ၏ ဝိုင်းဝန်းကူညီပံ့ပိုးမှုနှင့်အတူ ဒုတိယ မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး (စီမံ/ဘဏ္ဍာ) ဒေါက်တာမိုးမိုးမြင့်၏ အနီးကပ် ကြီးကြပ်မှုဖြင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက သွားရောက်ထိုးနှံပေးမည် ဖြစ်သည်။
“စက်ရုံ၊ အလုပ်ရုံများသို့ သွားရောက်ကွင်းဆင်း ထိုးနှံပေးရခြင်းသည် လူစုလူဝေးများတဲ့ နေရာတေမှာ ရောဂါကူးစက်မှုနှုန်းများနိုင်တယ်၊ စက်ရုံ အလုပ်ရုံများကိုလည်း ပိတ်ထား၍ မဖြစ်နိုင်ခြင်းကြောင့်လည်းကောင်း၊ လူအတော်များများ ကာကွယ်ဆေးထိုးပြီးမှသာ မိသားစု ဝင်များ၏ ကလေးငယ်များနှင့် ကိုယ်ခံအားနည်းသူများအတွက် အကာအကွယ်ရမှာ ဖြစ်တဲ့ အတွက်လည်းကောင်း ထိုးနှံပေးခြင်း ဖြစ်ပါတယ်။ ကာကွယ်ဆေး(၂)ကြိမ်ထိုးပြီးသူများ အနေဖြင့်လည်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးသည် တစ်ရာရာခိုင်နှုန်း (၁၀၀%)ကာကွယ် နိုင်ခြင်း မရှိသေးသည့်အတွက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများဖြစ်သည့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေခြင်း၊ မျက်နှာဖုံး(Mask)တပ်ဆင်ခြင်း၊ Faceshield တပ်ဆင်နိုင် ပါက တပ်ဆင်ခြင်း၊ လက်ဆေးခြင်းတို့ကို ဆက်လက်ဆောင်ရွက်ရမည် ဖြစ်ကြောင်းနှင့် အဓိကအားဖြင့် တပ်ဆင်ထားပြီးသော Mask များကို အပြင်မှပြန်လာသည့်အခါ အိမ်တွင်ချိတ်ဆွဲ မထားရန်နှင့် စနစ်တကျလုံခြုံစွာ စွန့်ပစ်မှသာ ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်မှာ ဖြစ်ကြောင်း” ဒေါက်တာမိုးမိုးမြင့် ကပြောကြားသည်။
ဆုလှိုင် ပြန်/ဆက်