ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ကျောက်ဆည်  စက်တင်ဘာ ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ စုကြီးရပ်ကွက်၊ မြို့တော်ခန်းမတွင် သံဃာတော်များ၊ သီလရှင်များ၊ အသက်(၆၅)နှစ်အထက် အဘိုးအဘွားများ ၊ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ဦးစားပေး အုပ်စုအလိုက်ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက် ရှိကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ အဖွဲ့(၃)ဖွဲ့ခွဲကာ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ဒုတိယအကြိမ်ကိုဗစ်-၁၉ကာကွယ်ဆေးများကို သံဃာတော်နှင့်သီလရှင် (၄၄၉)ပါး၊ အသက်(၆၅)နှစ်အထက် အဘိုးအဘွား (၁၃၀၄)ဦး၊ ကျန်းမာရေးဝန်ထမ်း(၁၄)ဦး၊ လူမှုရေးအသင်းအဖွဲ့ (၁၁၄)ဦး၊ ၊နိုင်ငံ့ဝန်ထမ်း(၈၈၇)ဦး၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်း(၁၂၇)ဦး၊ ဟိုတယ်မိုတယ်တည်းခိုခန်းလုပ်ငန်း လုပ်ကိုင်နေသူ (၁၃၇)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးလုပ်ငန်းလုပ်ကိုင်နေသူ(၄၈၀)ဦး၊Super Market ဝန်ထမ်း(၂၁၃၅)ဦး၊ စက်ရုံအလုပ်ရုံ ဝန်ထမ်း(၁၁၉၃)ဦး၊ စုစုပေါင်း (၆၈၄၀)ဦးအား  ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို မြို့တော်ခန်းမတွင် နံနက်(၉) နာရီခွဲမှ ညနေ(၃) နာရီအထိ ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

သက်မောင်(ကျောက်ဆည်)