မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ ကာကွယ်၊ တိုက်ဖျက်ရေးလုပ်ငန်းများအတွက် အလှူငွေများနှင့် ကာကွယ်ရေးလုပ်ငန်းသုံး ပစ္စည်းများ ပေးအပ်လှူဒါန်း

မိုင်းဖြတ် စက်တင်ဘာ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ တိုက်ဖျက်ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေသည့် လူမှုရေးအသင်းအဖွဲ့များသို့ ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် အလှူရှင်များက လှူဒါန်းသည့် အလှူငွေများ၊ ကာကွယ်ရေးသုံး ပစ္စည်းများပေးအပ် လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်က   အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် မိုင်းဖြတ်လူမှုရေး ကူညီမှုအသင်းသို့  ကျပ်(၅)သိန်းကိုလည်းကောင်း၊  သင်္ဂဟလူမှုကူညီရေးအသင်းသို့ ကျပ်(၃)သိန်း ကိုလည်းကောင်း၊ မြို့နယ်သူနာပြုကြက်ခြေနီ တပ်ဖွဲ့သို့ ကျပ်(၂)သိန်းကိုလည်းကောင်း အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်။

ယင်းနောက် ဦးကြည်မြင့်နှင့် ဇနီးဒေါ်နန်းခမ်း (တော်ဝင်ခမ်း စက်သုံးဆီရောင်းဝယ်ရေးလုပ်ငန်း) မိသားစုမှ လှူဒါန်းသည့် PPE(Level-1)အစုံ(၃၀၀)၊ လက်အိတ်(၂၅၀)စုံနှင့် မိုင်းဖြတ်မြို့နယ် ထုံး လုပ်ငန်းရှင်များအသင်းက အလှူငွေ ကျပ်(၁၂)သိန်းကို ပေးအပ်လှူဒါန်းရာ ကော်မတီဥက္ကဋ္ဌ ဦးညီညီအောင်က လက်ခံရယူခဲ့ကြောင်း သိရသည်။  

သန်းထွန်းအေး