ထန်းတပင်မြို့နယ် ဝါးတရာကျေးရွာတွင် ရေသန့်စင်စနစ် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

ထန်းတပင် စက်တင်ဘာ ၁၉

ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများရရှိစေရေးနှင့် သောက်သုံးရေပြတ် လပ်မှု အခက်အခဲများ မဖြစ်ပေါ်စေရေးတို့အတွက်  ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် အတွင်းရှိ ကျေးရွာများတွင် ရေသန့်စင်စနစ်ကို အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ပြီး ယမန်နေ့၊ နံနက်ပိုင်းက ဝါးတရာကျေးရွာအုပ်စု၊ ဝါးတရာကျေးရွာတွင် ရေသန့်စင်စနစ် အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရေသန့်စင်စနစ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ဝါးတရာကျေးရွာတွင် တင်ဒါအောင် ဖိုးရွှေလ ကုမ္ပဏီမှ ရေသန့်စင်တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ခွင့်ပြု ရန်ပုံငွေကျပ်သန်း (၁၉.၇၀၃) ဖြင့် (၂၀၂၀) ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယအပတ်မှ စတင်ကာ တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဝါးတရာကျေးရွာတွင် ရေသန့်စင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးနေပြီဖြစ်၍ ကျေးရွာနေပြည်သူ (၂၈၈၄) ဦးတို့ သန့်ရှင်းသော သောက်သုံးရေများကို ဖူလုံစွာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

စစ်ဆေးဆောင်ရွက်ရာတွင်လည်း ရန်ကုန်မြောက်ပိုင်းခရိုင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဘသိန်း၊ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမြတ်ကျော်သူနှင့် တာဝန်ရှိသူများက ဝါးတရာကျေးရွာတွင် ရေသန့်စင်စနစ်အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ဆောင်ရွက်ခဲ့ကြပြီး ကျေးရွာကော်မတီဝင်များ နှင့်တွေ့ဆုံ၍ ရေသန့်စင်စနစ် ရေရှည် တည်တံ့ရေးအား အလေးထားဆောင်ရွက်ကြရန် ကော်မတီနှင့်  ကျေးရွာပူးပေါင်း ဆောင်ရွက် သွားကြရန်တို့ကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)