နမ္မတူ ဩဂုတ် ၁၄
နမ္မတူတွင် Bawdwin Joint Venture (BJV)ကုမ္ပဏီမှ ဘော်တွင်းသတ္တုတွင်း စီမံကိန်း ပတ်ဝန်းကျင်နှင့်လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းများဆိုင်ရာ (ESIA) လူထုတွေ့ဆုံ ဆွေးနွေးပွဲကို ယနေ့ နံနက် (၁၀)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့တော်ခန်းမ၌ ဆောင်ရွက်ခဲ့ရာ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးတင်လှိုင်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်၊ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် Bawdwin Joint Venture (BJV) ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ Saw Benjamin Thulay Phaw မှ ဘော်တွင်းသတ္တုတွင်း စီမံကိန်း၏ နောက်ခံအကြောင်းအရာများ၊ စီမံကိန်း၏ နောက်ဆုံးတိုးတက်မှု အခြေအနေများ၊ ပြန်လည်နေရာချထားပေးခြင်း ဆောင်ရွက်မည့် အခြေအနေများ၊ (ESIA) လုပ်ငန်းစဉ်များ၊ အခြေခံအချက်အလက်လေ့လာမှုများမှ တွေ့ရှိချက်များ၊ ဆက်လက်လုပ်ဆောင်မည့် အဆင့်များအား အသေးစိတ် ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
၎င်းနောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသော ဒေသခံပြည်သူများက မိမိတို့သိရှိလိုသည့် စီမံကိန်းစတင်နိုင်မည့်အခြေအနေများအား လည်းကောင်း၊ ပြန်လည်နေရာချထားမည့် ဒေသခံပြည်သူများ၏ လိုအပ်ချက် တောင်းဆိုမှုများကို ဆောင်ရွက်ပေးမည့် အခြေအနေများအား လည်းကောင်း၊ စီမံကိန်းကြောင့် ရရှိမည့် အလုပ်အကိုင်အခွင့်အလမ်း၊ လူနေမှုအဆင့်အတန်း မြင့်မားလာနိုင်မှု၊ သဘာဝပတ်ဝန်းကျင်ထိခိုက်ဆုံးရှုံးနိုင်မှုအခြေအနေ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် ပေးမည့် အခြေအနေများနှင့် ဒေသအတွက် အကျိုးအမြတ်ခံစားခွင့်ရရှိနိုင်မည့် အခြေအနေများအား မေးမြန်းဆွေးနွေးခဲ့ရာ Bawdwin Joint Venture (BJV) ကုမ္ပဏီမှ စီမံကိန်းမန်နေဂျာ Saw Benjamin Thulay Phaw နှင့် Safety Environment မန်နေဂျာ MR. Andy Witcamb တို့က ရှင်းလင်းဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရှိရသည်။
လူမော် (ပြန်/ဆက်)