မန္တလေး ဩဂုတ် ၁၄
၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် ပြည့်စုံမှန်ကန်သော မဲဆန္ဒရှင်စာရင်း ရရှိနိုင်ရန်အတွက်အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း စိစစ်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းခြင်းကို ယနေ့နံနက် ၁၀နာရီက ပြည်ကြီးရန်လုံရပ်ကွက်၊ ၁၅လမ်းနှင့် ၁၆လမ်းကြား၊ ၈၆လမ်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွင် ကျင်းပသည်။
ရှေးဦးစွာ အောင်မြေသာစံမြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီးက မဲဆန္ဒရှင်စာရင်းစိစစ်ရေး လုပ်ငန်းကော်မတီ ဖွဲ့စည်းရခြင်းအကြောင်းနှင့် ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်နှင်းနှင်းက မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်နှင့်အညီ ဖွဲ့စည်းရမည့် ဖွဲ့စည်းပုံအကြောင်းကို ရှင်းလင်းပြောကြားပြီး မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီတွင် ပါဝင်သူ၏အမည်နှင့်တာဝန်များကို ကြေညာသည်။
အောင်မြေသာစံမြို့နယ်တွင် မဲဆန္ဒရှင်စာရင်း စိစစ်ရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌအဖြစ် အောင်မြေသာစံမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါက်တာကိုကိုကြီး၊ ဒုတိယဥက္ကဋ္ဌအဖြစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်အောင်၊ အတွင်းရေးမှူးအဖြစ် မြို့နယ်အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးကျော်စိုး၊ တွဲဖက်အတွင်းရေးမှူး-၁အဖြစ် မြို့နယ်ပညာရေးမှူး ဒေါက်တာစမ်းပပကျော်၊ တွဲဖက် အတွင်းရေးမှူး-၂ အဖြစ် မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဒေါ်နှင်းနှင်း၊ အဖွဲ့ဝင်များအဖြစ် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင်အားလုံးဖြင့် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)