ကျိုင်းတောင်း စက်တင်ဘာ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာနမှ ကျိုင်းတောင်းမြို့ လူစည်ကားရာနေရာများ၌ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသား ကတ်ကိုကိုင်ကြစို့” ပန်းခင်းစီမံချက် ဗီနိုင်းပိုစတာများကို ယမန်နေ့က ချိတ်ဆွဲပြသခဲ့ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက် ဗီနိုင်းများ ချိတ်ဆွဲပြသဆောင်ရွက်ရာတွင် မြို့အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးနန်းဝင်း၊ ကျိုင်းတောင်းနယ်မြေရဲစခန်းမှ စခန်းမှူး ဦးမျိုးမြင့်အောင်၊ သစ်တောဦးစီးဌာနမှ တာဝန်ခံ ဦးထိန်ဝင်း၊ မိုးနဲမြို့နယ်ဦးစီးရုံးမှ ဒုတိယ လူဝင်မှုကြီးကြပ်ရေးမှူး ဦးရဲထွဋ်တို့က လိုက်ပါကူညီဆောင်ရွက်၍ ကျိုင်းတောင်းမြို့ လူစည်ကားရာနေများ၊ မြို့မစျေး အဝင်အထွက်နေရာများ၊ ကားဂိတ်ရှေ့များနှင့် လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးရှေ့တို့တွင် ပြည်သူများသိရှိစေရန် ချိတ်ဆွဲပြသခဲ့ကြောင်း သိရသည်။
ပြည်သူများကို ပန်းခင်းစီမံချက်အတိုင်း လက်ရှိဒေသ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်း မရှိ/ကိုင်ဆောင်လက်မှတ်မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလ ဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိပြီး လက်ရှိဒေသ၌ ကိုင်ဆောင်လက်မှတ် မရှိသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် လက်ရှိဒေသတွင် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင် လက်မှတ်မရှိသူများ၊ အိမ်ထောင်စုစာရင်းရှိပြီး ကိုင်ဆောင်လက်မှတ်မရှိသူများ သက်ဆိုင်ရာ နည်းလမ်းလေးသွယ်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို အခမဲ့ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်းသိရသည်။
သီဟ (ပြန်/ဆက်)