ကျိုက်ဒုံမြို့၌ အသက်(၅၅)နှစ်နှင့်အထက် ဦးစားပေးအုပ်စုများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံခြင်းများဆောင်ရွက်

ကျိုက်ဒုံ စက်တင်ဘာ ၁၆

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့ (အ.ထ.က)ကျောင်းတွင် ယနေ့နံနက် ၉ နာရီက မြို့အုပ်ချုပ်ရေးမှူး ဦးမင်းဇော်၊ တိုက်နယ်ဆရာဝန်ဒေါက်တာမန်းမင်းနိုင်ဦးနှင့် ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ကျိုက်ဒုံမြို့ပေါ်နှင့် ကျေးရွာများတွင် နေထိုင်သည့် အသက်(၅၅)နှစ်နှင့်အထက် ဦးစားပေးအုပ်စုများဖြစ်သည့် မသန်စွမ်း၊ EAOs အဖွဲ့များ၊ သံဃာ့တော်များ၊ ဒေသတွင်နေထိုင်သည့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် ကျိုက်ဒုံမြို့ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ တာဝန်ရှိသူများက အသက်(၅၅)နှစ်အထက်နှင့် ဦးစားပေးထိုးသင့်သူများအား စာရင်းရေးသွင်းခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကိုယ်အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်းမာရေးကောင်းမွန်သူများကိုသာ ကာကွယ်ဆေးထိုးနှံ ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သန်းထွန်းနိုင်(ကျိုက်ဒုံ)