ချင်းရွှေဟော် စက်တင်ဘာ ၁၆
ကိုဗစ်-၁၉ ကူးစက်မြန် ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြု နိုင်ရန်အတွက် ပြည်ပမှ တင်သွင်းသည့် ကျန်းမာရေးသုံး ပစ္စည်းများအား နယ်စပ်ကုန်သွယ်ရေး စခန်းများတွင် လုပ်ငန်းတာဝန်များ ရပ်ဆိုင်းထားခြင်းမရှိဘဲ တာဝန်ရှိ ဌာနဆိုင်ရာများအနေဖြင့် ရုံးချိန်အတွင်း သက်ဆိုင်ရာ တာဝန်ရှိဌာနများမှ ထုတ်ပြန်ထားသည့် အသိပေး ကြေငြာချက်များနှင့်အညီ အရှိန်အဟုန်မပျက် ဆောင်ရွက်လျက်ရှိသည်။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ချင်းရွှေဟော်မြို့၊ မြန်မာ-တရုတ် နှစ်နိုင်ငံ၊ နမ့်ဖာဟော် နယ်စပ်ဂိတ်မှတစ်ဆင့် ကိုဗစ်-၁၉ကူးစက်မြန်ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် တရုတ်နိုင်ငံမှဝယ်ယူတင်သွင်းသည့် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ဝင်ရောက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်း အချိန်က Sodium Chloride Injection (၁၉၀၅) ဖာနှင့် PPE(၇၉၂) ဖာတို့အား မော်တော်ယာဉ်(၂)စီးဖြင့်လည်းကောင်း 15 L အောက်ဆီဂျင် အိုးအလွတ် (၅၀)လုံး၊ဗီတာမင်C ဆေးပြား(၃၇၉)ဖာ၊ MASK(၃၈၇)ဖာ၊ PPE(၁၂၃) ဖာ၊ ဗီတာမင် C ထိုးဆေး (၅၃၂) ဖာ၊ Analgin ထိုးဆေး (၁၁၀)ဖာ၊ ဆေးထိုးအပ် (၁၉၁)ဖာ၊ Sodium Phosphate Injection (၄၁၉)ဖာ၊Sodium Chloride Injection (၅၇၁၅)ဖာနှင့် Oxygen Plant စက်(၁)လုံး တို့အား မော်တော်ယာဉ်(၁၆)စီးဖြင့်လည်းကောင်း တင်ဆောင်၍ ဝင်ရောက်ခဲ့သည်။
အဆိုပါ မော်တော်ယာဉ်များသည် နယ်စပ်ဂိတ်မှထွက်ခွာပြီး ချင်းရွှေဟော်မြို့ရှိ ဂိုဒေါင်များတွင် ပစ္စည်းချိန်း တင်ဆောင်မည်ဖြစ်ပြီး ၎င်းပစ္စည်းများ လွယ်ကူမြန်ဆန်စွာ ရောက်ရှိနိုင်ရေးအတွက် တာဝန်ရှိ ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကာ အခက်အခဲ မရှိစေရေးအတွက် ကုန်သွယ်ရေးစခန်းများမှ တာဝန်ခံများထံ တိုက်ရိုက်ဆက်သွယ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
စည်သူမောင်မောင်