ကြည့်မြင်တိုင် စက်တင်ဘာ ၁၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် တွင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို (၃.၅.၂၀၂၁) စတင်၍ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
အဆိုပါပန်းခင်းစီမံချက် ဆောင်ရွက်ရာတွင် လက်ရှိဒေသတွင် အမြဲတမ်းနေထိုင်၍ အိမ်ထောင်စု လူဦးရေ စာရင်းရှိပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ လက်ရှိဒေသတွင် အမြဲတမ်း နေထိုင်၍ အိမ်ထောင်စု လူဦးရေ စာရင်း (မရှိ) နိုင်ငံသားစိစစ်ရေးကတ်ပြား (မရှိ) သူများအား ရရှိနိုင်ရန် ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စုလူဦးရေ စာရင်းရှိသော်လည်း လက်ရှိဒေသတွင် အိမ်ထောင်စုလူဦးရေစာရင်း (မရှိ) သူများအားအိမ်ထောင်စုလူဦးရေစာရင်း ရရှိနိုင်ရန်ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြား (မရှိ)၊ လက်ရှိဒေသတွင်လည်း အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (မရှိ) သူများအား ရရှိနိုင်ရန် ဆောင်ရွက်ပေးခြင်းကို (၃.၅.၂၀၂၁ မှ ၈.၉.၂၀၂၁) ထိလုပ်ဆောင်ပေးသွားပြီး ဖြစ်ကြောင်းသိရှိရပါသည်။
ယခုအခါတွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု (၁၅၉)စု၊ လူဦးရေ ကျား (၃၂၅)ဦး၊မ (၃၄၁)ဦး၊ ပေါင်း (၆၆၆) ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား အသက် (၁၆ နှစ် မှ ၁၈နှစ်)ကြား လူဦးရေ (၃၈) ဦး၊ အသက်(၁၈)နှစ်နှင့် အထက် လူဦးရေ (၆၁၂)ဦး၊ စုစုပေါင်း (၆၅၀)ဦး အားထုတ်ပေးနိုင်ပြီဖြစ်ကြောင်း သိရှိရပါသည်။
မြို့နယ် (ပြန်/ဆက်)