မိုင်းလုံ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့သူ များလာသဖြင့် ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိရာ ယနေ့ နံနက်(၇:ဝဝ)နာရီအချိန်ခန့်က မိုင်းလုံမြို့အတွင်း နေထိုင်သော ဈေးသည် (၇၇) ဦးတို့အား Swab နမူနာရယူပြီး လားရှိုးသို့ ပေးပို့စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဈေးသည်များသည် လူအများနှင့် ထိတွေ့ဆက်စပ်မှုရှိပြီး မြို့နေပြည်သူများနှင့် ထိတွေ့မှု အများဆုံးဖြစ်သောကြောင့် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်ရေး ကော်မတီဝင်များ၏ ကြီးကြပ်မှုဖြင့် တိုက်နယ်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းမြဟန်နှင့် ကျန်းမာရေးကြီးကြပ်-(၂) ဒေါ်သိရီနောင်တို့က ဈေးသည် အမျိုးသား(၂၉)ဦး ၊ အမျိုသမီး(၄၈)ဦး စုစုပေါင်း(၇၇)ဦးတို့အား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ နှာခေါင်းတို့ဖတ် swab နမူနာများရယူ၍ လားရှိုးပြည်သူ့ဆေးရုံ သို့ဆက်လက်ပေးပို့ စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။
မိုင်းလုံမြို့သည် ဇူလိုင်(၁၈)ရက်နေ့မှ စတင်၍ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ရာ ယနေ့အချိန်ထိ ရောဂါပိုးတွေ့ရှိသူ အမျိုးသား(၃၅)ဦး အမျိုးသမီး(၂၇)ဦး စုစုပေါင်း (၆၂)ဦး ရှိကြောင်း၊ ကျန်းမာလာ၍ ဆေးရုံမှ ဆင်းခွင့်ရသူ(၁၅)ဦး၊ ဆေးကုသမှုခံယူသူ(၄၆)ဦးနှင့် သေဆုံး လူနာ(၁)ဦး ရှိကြောင်းကို တိုက်နယ်ကျန်းမာရေးဌာနမှ တာဝန်ရှိသူတစ်ဦးထံက သိရသည်။
ဇော်ဇော်(ပြန်/ဆက်)