နောင်ချို စက်တင်ဘာလ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်းမှ လားရှိုးမြို့သို့ အောက်ဆီဂျင်အိုး အလုံး(၄)သွားရောက် အရည်ဖြည့်ခြင်းမှ ယမန်နေ့ ညနေပိုင်းတွင် ပြန်လည်ရောက်ရှိခဲ့ ကြောင်း သဖန်းကိုင်းပရဟိတလူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါ အောက်ဆီဂျင်အရည်များကို လားရှိုးမြို့ Cornerstone မှ ဖြည့်ဆည်းလှူဒါန်းပေးခြင်းဖြစ်ပြီး အသင်းသားများက မြဒေါ်လာ မှန်၊ အလူမီနီယံ လုပ်ငန်းမိသားစု၏ ကားအကူအညီဖြင့် သွားရောက် သယ်ဆောင်ခဲ့ကြသည်။
သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းသည် မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကုသရေးစင်တာများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်း၊ ကုသပေးခြင်းတို့ကို ဆရာဝန် ၁ ဦး၊ သူနာပြု ၄ ဦး တို့ဖြင့်ဆောင်ရွက်ပေးလျက်ရှိပြီး သဖန်းကိုင်းကုသရေးစင်တာတွင် ယမန်နေ့ကအထိ ကုသဆဲလူနာ (၅၈)ဦးရှိကြောင်း၊ အောက်ဆီဂျင်လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်း၊ မြို့နယ်အတွင်း လိုအပ်သည့်နေရာများအား ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကာ အလှူရှင်များ ကလည်း စဉ်ဆက်မပြတ်လှူဒါန်းပေးလျက်ရှိကြောင်း သဖန်းကိုင်းပရဟိတလူမှုကူညီရေး အသင်းထံမှ သိရသည်။
ထွေးငယ် (ပြန်/ဆက်)