မြစ်သား စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများသောက်သုံးရေဖူလုံစွာရရှိရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေ(မွမ်းမံ)ဖြင့် တောင်ရိုးကျေးရွာ၌ စက်ရေတွင်း တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို သြဂုတ်လ၂၀ရက်က စတင်ဆောင်ရွက်ခဲ့ရာ ယခုအခါ ၆၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်း မြစ်သားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။
အဆိုပါ ကျေးရွာသောက်သုံးရေဖူလုံစွာရရှိရေးအတွက် အကျယ်လေးလက်မ၊ အနက် ပေ၄၀၀ စက်ရေတွင်းတူးဖော်ခြင်း၊ ရေဂါလန် ၂၄၀၀ ဆံ့ ရေစင်တည်ဆောက်ခြင်း၊ အလျား ၈ ပေ၊ အနံ ၈ ပေ၊ အမြင့် ၁၀ ပေ ရေစက်ရုံတည်ဆောက်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေ(မွမ်းမံ) ကျပ် ၂၀ ဒသမ ၇၀၈ သန်းဖြင့် တင်ဒါအောင်မြင် သည့် Bright day ကုမ္ပဏီမှ တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းလုပ်ငန်းများကို စက်တင်ဘာလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက် ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကိုကိုအောင်က ပြောပြသည်။
တောင်ရိုးကျေးရွာတွင် စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများဆောင် ရွက်ပြီးစီးပါက အဆိုပါကျေးရွာရှိ လူဦးရေ ၈၉၆ ဦးတို့အတွက် သောက်သုံးရေ အခက်အခဲများ အဆင်ပြေသွား မည်ဖြစ်ကြောင်း သိရသည်။
မြမြမွန်(မြစ်သား)