တာချီလိတ် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်အတွက် တာချီလိတ် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ဝန်ထမ်းများနှင့် ခရိုင်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းကာ တာချီလိတ်မြို့အဝင်မှ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်၊ မြို့တွင်းရပ်ကွက်များ၊ ကျိုင်းတုံလမ်းဆုံနှင့် အာခါဈေးလမ်းဆုံနေရာများ၊ မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရေးတံတားအမှတ်(၁)(၂)နေရာများနှင့် မြို့အတွင်းလူစည်ကားသည့်နေရာများသို့ သွားရောက်၍ယနေ့နံနက်(၁၀) နာရီအချိန်က ကျန်းမာရေးဆိုင်ရာအသိပညာပေးနှိုးဆော်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ချက်များတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်သွားလာကြရန်၊ အပြင်ထွက်တိုင်းပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင်ကြရန်၊အခြားသူများနှင့်အနည်းဆုံး (၆)ပေကွာ၍ခပ်ခွာခွာနေရန်၊ နှာခေါင်းစည်းမတပ်သူများနှင့်တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှရှောင်ကြဉ်ရန်၊ လက်ကို ဆပ်ပြာဖြင့်စက္ကန့် ၂၀ ကြာအောင် မကြာခဏဆေးကြောရန်၊အပြင်ကပြန်လာပြီးတိုင်း အဝတ်အစားမလဲမီ ကိုယ်လက်သန့်စင်ခြင်း မပြုလုပ်မီ အိမ်သားများနှင့်အနီးကပ်ထိတွေ့ခြင်းမှရှောင်ကြဉ်ရန်၊ မိမိတို့၌ရောဂါပိုးကူးစက်ခံနေရသည်ဟုသံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ အမြန်ဆုံးဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန်နှင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့ပွားမှုကို အမြန်ကာကွယ် တားဆီးထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို မိဘပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြပါရန်စသည့်တို့ ပါဝင်သည့်အချက်များကို အသံချဲ့စက်ဖြင့် ကျယ်ကျယ်ပြန့်ပြန့် အသိပညာပေးနှိုးဆော်မှု များ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
တာချီလိတ်