ပျဉ်းမနား စက်တင်ဘာ ၁၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ နာတာရှည်ရောဂါ ခံစားနေရသူများနှင့် မသန်စွမ်းသူများ အပါအဝင် အသက် ၅၅ နှစ်မှ ၆၄ နှစ်ကြား အသက်ကြီးသူများကို စက်တင်ဘာလ ၁၆ ရက် နံနက်ပိုင်းမှစတင်၍ ပျဉ်းမနားမြို့ အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်းရှိ ကာကွယ်ဆေးထိုးနှံရေးစင်တာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးများကို ထိုးနှံပေးသွားမည် ဖြစ်ကြောင်းသိရသည်။
ထိုသို့ ထိုးနှံပေးရာတွင် ယခင်ကာကွယ်ဆေး ထိုးနှံခွင့်ရရှိသူများမှ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သူများ၊ နာတာရှည်ရောဂါ ခံစားနေရသူများ၊ မသန်စွမ်းသူများနှင့် အသက် ၅၅ နှစ်မှ ၆၄ နှစ်အကြား အသက်ကြီးသူများကို အဆင့်အလိုက် ထိုးနှံပေးသွားမည်ဖြစ်ပြီး လူဦးရေ ၆၀၀၀ ကျော်ခန့် ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေးထိုးနှံပေးခြင်း လုပ်ငန်းများကို အသက်အပိုင်းအခြားအလိုက် ၂၀၂၂ ခုနှစ် ဇန်နဝါရီလကုန်အထိ စဉ်ဆက်မပြတ် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ပျဉ်းမနားမြို့ခုတင်၂၀၀ ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်ကျော် ထံမှသိရသည်။
ဇော်ဖြိုး (ပြန်/ဆက်)