ပင်လောင်း စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ် လိန်းညားကျေးရွာ အုပ်စု၊ ထီဗိရွာရှိ ထီဗိပရိယတ္တိ စာသင်တိုက်မှသံဃာတော်များအား ယနေ့နံနက်ပိုင်းတွင် ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ သွားရောက်စစ်ဆေး ပေးခဲ့သည်။
ထီဗိ ပရိယတ္တိစာသင်တိုက်ရှိ သံဃာတော် (၂၃)ပါး၊ ရှင်သာမဏေ (၂၉)ပါး၊ သီလရှင်(၁)ပါး စုစုပေါင်း (၅၃)ပါးနှင့်ကပ္ပိယတစ်ဦးတို့အား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ရှိ/မရှိ RDT Test kit ဖြင့် စစ်ဆေးခဲ့သည်။ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းကို ပင်လောင်းမြို့နယ်ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပင်လောင်းပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ၊ လိန်းညားကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့၀င်တို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါစစ်ဆေးခြင်းကို သွားရောက် ဆောင်ရွက်ခဲ့သည်။
သံဃာတော်နှင့်သာမဏေများကို ကိုဗစ်-၁၉ရောဂါပိုးရှိ/မရှိစစ်ဆေးရာ ကျန်းမာရေးကောင်းမွန်ပြီး ရောဂါပိုး မရှိကြောင်း စစ်ဆေးတွေ့ရှိသည်။ ကိုဗစ်-၁၉ ရောဂါပိုး ရှိမရှိ စစ်ဆေးနိုင်ရန်အတွက် Test kit များကိုပင်လောင်းမြို့နယ်ကျန်းမာရေးဌာန၏အစီအစဉ်ဖြင့်အခမဲ့ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး ကျန်ရှိ နေသေးသောစာသင်တိုက်များကိုလည်းဆက်လက် စစ်ဆေး ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ထွန်းလင်း(ပင်လောင်း)