ခရမ်း စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်တွင် ယမန်နေ့ နံနက်(၉)နာရီအချိန်က စတင်ပြီး အမှတ်(၂)ရပ်ကွက် သကျမာရဇိန်သွန်း ဘုရားကြီးဝင်းအတွင်းရှိ သာသနာ့ဗိမာန်၌ အသက် ၅၅ နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဦးတည်အုပ်စု (၁၂)စုဖြင့် ပါဝင်သူများကို အလှည့်ကျစနစ်ဖြင့် ကိုဗစ်၁၉ ကာကွယ်ဆေး Sino Vac ကိုပထမအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ဦးတည်အုပ်စု (၁၂)စုမှာယခင် အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများအစား အသက် (၅၅)နှစ်မှ (၆၄)နှစ်ရှိ သက်ကြီးဘိုးဘွားများ၊ ကာကွယ်ဆေးထိုးရန် ကျန်ရှိသည့်အစိုးရ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ volunteer ပရဟိတအသင်းအဖွဲ့များ၊ ဘိုးဘွားရိပ်သာ၊ ဘုန်းတော်ကြီး ကျောင်းများ၊ သီလရှင်၊ ဘာသာရေး ကျောင်းများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံ၊ အလုပ်ရုံဝန်ထမ်းများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ အကျဉ်းသား/ အချုပ်သားများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများ supermarket/ ဈေးများအား ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။
ခရမ်းမြို့နယ်မှာ "အသက်(၆၅)နှစ်နှင့်အထက် ဆရာတော်သံဃာတော်များ၊ အဘိုးအဘွားများ ဒေသခံပြည်သူများ၊ ပုဂ္ဂလိကဆေးရုံဝန်ထမ်းများ၊ သယ်ယူပို့ဆောင်ရေးဝန်ထမ်းများ၊ စည်ပင်သာယာ ဝန်ထမ်းများ၊ ဘဏ်လုပ်ငန်းများမှ ဝန်ထမ်းများကို ရပ်ကွက်/ကျေးရွာ သတ်မှတ်ရက်များအလိုက် ကိုဗစ် ၁၉ ရောဂါ ကာကွယ် ဆေး Sinopharm အား လူဦးရေစုစုပေါင်း (၆,၇၄၉)ဦး ထိုးနှံပေးခဲ့ပြီး ပထမအကြိမ် ထိုးနှံပြီးသူများအားလုံးကို ဒုတိယအကြိမ် ထပ်မံထိုးနှံပေးလျက်ရှိပြီး၊ ယခုအခါ ခရမ်းမြို့နယ်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sino Vac အား ဆေးရရှိမှုအပေါ်မူတည်၍ ကျန်ရှိနေသော ပြည်သူလူထုများကို ဦးတည်အုပ်စုအလိုက် ဆက်လက်ထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း သိရပါသည်။
ယခုထိုးနှံပေးသော တရုတ်နိုင်ငံထုတ်ကာကွယ် ဆေးကို WHO က ရောဂါကာကွယ်နိုင်စွမ်းက နိုင်ငံအပေါ်လိုက်ပြီး ကိုဗစ်ရောဂါ ဆိုးဆိုးရွားရွား အခြေအနေမရောက်အောင်၊ ကိုဗစ်ကြောင့် ဆေးရုံတက်ရတာမျိုး မဖြစ်အောင် ကာကွယ်နိုင်ပါတယ်" လို့ ခရမ်းမြို့နယ် မြို့မကျန်းမာရေးမှူး ထံမှ ကြားသိရပါသည်။
ကိုမင်း (ခရမ်း)